မော်ဟန် တောင်အတက်တွင် ကားတစ်စီးနှင့် ဆိုင်ကယ် ၃ စီး ယာဉ်တိုက်မှု ဆက်တိုက်ဖြစ်ပွားခဲ့၍ လူနှစ်ဦး ပွဲချင်းပြီးသေ
28 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ တောင်တက်နေရာတွင် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မိပြီး မောင်းထွက်လာသည့် တွဲကားတစ်စီးက အခြားဆိုင်ကယ်နှစ်စီးကို ထပ်မံဝင်တိုက်မိသည့် ယာဉ်တိုက်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မော်ဟန်ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယမန်နေ့၊ ဧပြီ ၂၇ ရက်နေ့ ညနေခင်း ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ လူငယ်နှစ်ယောက်စီးလာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် အမျိုးသမီးတစ်ဦး စီးလာသည့် ဆိုင်ကယ်များကိုလည်း ထပ်မံတိုက်မိသွားကြောင်း သိရသည်။
“ကျွန်မတို့ရွာက (လူ) မိုးညှင်းဘက်ကိုအတက် မိုးညှင်းက ဦးလေးက မော်ဟန်ရွာဘက်ကိုအဆင်း ကားက တောက်လျှောက် တိုက်လာတာ ပထမက ကလေးနှစ်ယောက်ကို တိုက်ခဲ့တာ၊ အဲ့ကလေးနှစ်ယောက်က အခုမိုးညှင်းဆေးရုံမှာ။ ပြီးတော့ ကျွန်မတို့ရွာက (လူ)နဲ့ မိုးညှင်းက ဦးလေးတစ်ယောက်ကို တိုက်တာ ကျွန်မတို့ရွာက (ယာဉ်တိုက်ခံရသူ) တော့ ကားအောက်ကို ရောက်သွားတာ”ဟု ဆိုသည်။
သေဆုံးသွားသူများမှာ မိုးညှင်းမြို့က အသက် ၅၃ နှစ်အရွယ် ဘိတ်သိပ်ဆရာ ဦးအောင်ထွေးဆိုသူနှင့် မော်ဟန်ကျေးရွာမှ အသက် ၃၆ နှစ်အရွယ် မလင်းလက်ရည်ရွှေ တို့ဖြစ်ပြီး ယခုလက်ရှိ မိုးညှင်းဆေးရုံရင်ခွဲရုံမှ နေရပ်သို့ ပြန်သယ်ယူမည်ဖြစ်ကြောင်း ပြောသည်။
ယာဉ်တိုက်မှုဖြစ်ခဲ့သည့် တွဲကားနှင့် ယာဉ်မောင်းနှစ်ဦးကို စစ်ကောင်စီရဲများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
မော်ဟန်ရွာနှင့် မိုးညှင်းကြားရှိ မော်ဟန်တောင်အတက်တွင် အကွေ့အကောက်များပြီး ယာဉ်တိုက်မှုများနှင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသော နေရာဖြစ်ကြောင်း သိရသည်။