ဗန်းမောက်မြို့နှင့် ဗန်းမောက်အနောက်ခြမ်းကို လောင်စာဆီတင်ပို့ရောင်းချခြင်းမပြုရန် ပအဖ အမိန့်ထုတ်ပြန်
22 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ စိုးမိုးနယ်မြေဖြစ်သော ဗန်းမောက်မြို့ထဲနှင့် ဗန်းမောက်အနောက်ခြမ်းကို ဆီတင်သွင်းခွင့် မပြုကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)မှ ဧပြီလ ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်အား ဗန်းမောက်မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများဖြစ်သော (PDF၊ ပကဖ၊ ပလဖ၊ ပအဖ) များက ဧပြီ ၁၃ ရက်နေ့ မြို့နယ်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
၎င်းထုတ်ပြန်ချက်တွင် သတ်မှတ်ထားသော စည်းကမ်းချက်များအား ဖောက်ဖျက်ပါက ဒဏ်ကြေးငွေအနေဖြင့် ထိပ်ဖူးဆီ ၁ ဂါလံလျှင် ၆၀၀၀ ကျပ်၊ ပရီမီယမ်ပန့်ဆီ၊ ဓာတ်ဆီ ၁ ဂါလံလျှင် ၄၀၀၀ ကျပ်နှင့် ပါဝါဆီ အင်ဂျင်ဝိုင် (၁) ဂါလံလျှင် ၄၀၀၀ ကျပ်ထိ သတ်မှတ်ထားကြောင်းလည်း သိရသည်။
အကယ်၍ ဒဏ်ကြေးငွေပေးဆောင်ရန် ပျက်ကွက်ခြင်း၊ သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာရန်ပျက်ကွက်ခြင်းနှင့် ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်မှု မရှိပါက ဒဏ်ကြေးငွေ နှစ်ဆပေးဆောင်ရမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသည် ဆီတင်သွင်းခွင့်နှင့် ပတ်သက်ပြီး ဧပြီလ ၁၈ ရက်နေ့မှသာ စာထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင် မတ်လအစပိုင်းကစပြီး ပိတ်ပင်ခဲ့ပြီးဖြစ်ကြောင်း ဆီကုန်သည်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးထံမှ သိရပါသည်။
ဂိတ်စောင့်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့များက စစ်ရေးအရဟုဆိုကာ ဆီကားများကို ထွက်ခွင့်မပေးဘဲ ပိတ်ထားခဲ့ပြီး ထွက်ချင်လျှင် ဆီတစ်ပေပါလျှင် ၅ သောင်းပေးရမည်ဟု ပြောဆိုခဲ့သည်ဟုလည်း ပြောသည်။
“မတ်လ ၁၈ ရက်နေ့တုန်းက မြို့ထဲဆီပို့မယ့် ကားတွေကို ပါရရွာဂိတ်မှာ ၆ ဘီးကား ၅ စီးဖမ်းထားတယ်။ အဲ့ကားတစ်စီးမှာ ၆၅ လုံးပါတယ်။ ဆီတစ်ပေပါလျှင် ၅ သောင်းနှုန်းပေးပြီးမှ မြို့ထဲဝင်ခိုင်းတာ။”ဟု ဆိုသည်။
ဆီတင်ခွင့်ပိတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးစိုးထွဋ်အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ငွေပေးပြီး ဆီကားထွက်ခွင့်ပေးခြင်း မရှိကြောင်းနှင့် ထိုသို့ ပြောဆိုချင်းသည် အချင်းချင်း ရန်တိုက်ပေးသည့်သဘော ဖြစ်ကြောင်း ပြောသည်။
“ဆီတင်ခွင့်ပိတ်တာက စစ်ဒေသတာပိတ်တာ စစ်ရေးအရပေါ့နော် ကျွန်တော်တို့က ဆီကားတွေမထွက်နိုင်အောင် တားဆီးပေးရတာပဲရှိတာပါ။ ဗန်းမောက်တောင်ပိုင်း၊ မြောက်ပိုင်း မျှတအောင်ထိန်းညှိပေးရတာပါ နောက်ပြီး ဆီတွေပိုက်ဆံပေးပြီး လွတ်တယ်ဆိုတာ မခိုင်လုံတဲ့အကြောင်းပြချက်ပါ။ ကျွန်တော်တို့ကတော့ ထွက်ခွင့်မပေးပါဘူး။ ခိုးထွက်တာပဲ ဖြစ်လောက်ပါတယ်။ နောက်ပြီး ကျနော်တို့အချင်းချင်း ရန်တိုက်ပေးတာပါ”ဟု ဆိုသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသည် ဗန်းမောက်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆီသယ်ခွင့်ပေးထားသော်လည်း တောင်ပိုင်းကိုတော့ လုပ်ငန်းရှင်များကိုသာ အကန့်အသတ်ဖြင့် ဦးစားပေးရောင်းချပေးကြောင်းလည်း အမည်မဖော်သည့် ဗန်းမောက်ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါသည်။
“မြောက်ပိုင်းကိုက ကြိုက်သလောက်သွင်းရတယ်။ တောင်ပိုင်းကိုကျတော့ ရွှေလုပ်တဲ့ လုပ်ငန်းရှင်တွေကိုပဲ ရောင်းပေးတယ်။”ဟု ဆိုသည်။
ဗန်းမောက်မြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံလျှင် ၁ သောင်း ၉ ထောင်မှ ၂ သောင်းကျပ်အထိပေးရကြောင်းလည်း ဒေသခံများထံမှ သိရသည်။