စစ်ကောင်စီတပ်စခန်း ၄ ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်
8 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုအား တော်လှန်ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်ထားသည်။
ခန္တီးခရိုင်အတွင်းရှိ ဟုမ္မလင်း-ဖောင်းပြင်နယ်စပ်ရှိ အင်ကြင်းမှော်၊ မနော်သာ၊ ကျွန်းကုန်းရွာတို့တွင် အခြေပြုနေသော ခမရ-၃၆၉ နှင့် ၃၇၀ မှ စစ်ကောင်စီ၊ SNA နှင့် ပျူစောထီးအင်အား ၃၀၀ ခန့်ရှိသော စခန်း ၄ ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
မတ်လ ၃၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့အထိ ၉ ရက်အတွင်း အပြီးသတ်သိမ်းတိုက်ခိုက်နိုင်ခဲ့သည်ဟု ပြောသည်။
စစ်ကောင်စီတပ်များ၊ SNA နှင့် ပျူစောထီးများသည် အဆိုပါကျေးရွာရှိ တပ်စခန်းများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ခြင်းခံရပြီး လေကြောင်းပစ်ကူများ အဆက်မပြတ်အသုံးပြုခဲ့ေကြာင်းလည်း ပြောပါငည်။
“ကျွန်းကုန်းရွာမှာ သူတို့က ပိတ်မိနေကြတော့ လေကြောင်းပစ်ကူတွေ အဆက်မပြတ်သုံးတာ အထိနာနေပေမယ့် စခတွေက ရိက္ခာချပေးပြီး အသေခံခိုင်းနေတာ၊ ခုနေရာက လုံးဝ ထွက်ပေါက်မရှိဘူး။ အားလုံးပိတ်ဆို့ထားတာ။”ဟု ဆိုသည်။
တိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီးတော့လည်း ၎င်းရဲဘော်က ဆက်ပြောသည်။
“စစ်ကောင်စီ အသေဘယ်လောက်ရှိလည်းတော့ မသိရသေးဘူး။ အရှင်ဖမ်းမိတာတွေ အလင်းဝင်လာတာတွေကတော့ ရှိပါတယ်။”ဟုဆိုသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်လုပ် သေနတ် အလက် (၂၀) အပါ လက်နက်ငယ်မျိုးစုံ (၁၃၁) လက်၊ ကျည်မျိုးစုံ (၁၃၀၀၀) ကျော်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ဗုံးသီးမျိုးစုံ (၄) လုံး၊ Drone Gun (၁) လက်၊ Station Jammer (၁) ခု၊ ဓားမျိုးစုံ (၃၀) ချောင်း၊ တရုတ် စကားပြောစက် (TSSD) (၁၆) လုံး သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဟုမ္မလင်းတက် Mi-2 နှင့် တံတားဦးတက် ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ နီးပါးပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ဧပြီလ ၁ ရက်နေ့ကလည်း မနော်နာကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး၊ ၅ လသားအပါအဝင် အသက်မပြည့်သေးတဲ့ ကလေးငယ် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ေကြာင်း သိရသည်။
အဆိုပါတိုက်ပွဲအား အထူးလှုပ်ရှား တပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း – ၁၊ ခန္တီးခရိုင် တပ်ရင်း – ၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးေပါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။