အိမ်နီးချင်းနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ လှေနံနှစ်ဖက်နင်းနေသော တရုတ်အစိုးရ
သုံးသပ်ချက်ဆောင်းပါး။
By YUME.
14 March 2024 – Kachinwaves
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လိုင်ဇာမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သည့် စစ်ကောင်စီတပ်၏ စခန်းကုန်းများအား မတ်လ ၇ ရက်နေ့တွင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သည်။ ၎င်းစခန်းကုန်းများမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် လိုင်ဇာမြို့သို့ ကျရောက်နိုင်သလို ချောင်းငယ်တစ်ခုသာခြားနေသည့် တရုတ်နိုင်ငံဘက်လည်း ကျရောက်နိုင်သော တပ်စခန်းများ ဖြစ်သည်။ ထို့ကြောင့် အဆိုပါစခန်းကုန်းများအား အလျှင်အမြန် ထိန်းချုပ်နိုင်နိုင်ရန် KIO/KIA သည် နိုင်ငံရေးနှင့်စစ်ရေးအမြင် ပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့သည့် သဘောတွေ့ရသည်။ သို့သော်လည်း စခန်းကုန်းများကို မထိန်းချုပ်နိုင်သေးသည့် နှစ်အရက်တွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ပါသေးသည်။
မတ်လ ၇ ရက်နေ့ နံနက်တွင် ၎င်းစစ်ကောင်စီတပ်၏ လက်နက်ကြီးများ လိုင်ဇာမြို့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦးနှင့် အမျိုးသားလူငယ်တစ်ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် မတ်လ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး တရုတ်နိုင်ငံ ပိုင်နက်အတွင်းသို့ အနည်းဆုံး သုံးကြိမ်ကျရောက်ခဲ့သည်ဟု Kachinnews ၏ သတင်းဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံဘက် နေအိမ်များတွင် လက်နက်ကျရောက် ပေါက်ကွဲမှုများကြောင့် မီးလောင်ပျက်စီးနေသည့် ဓာတ်ပုံဗီဒီယို မှတ်တမ်းများလည်း လူမှုကွန်ရက် စာမျက်နှာများ၌ ထွက်ပေါ်ခဲ့ပါသည်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ လိုင်ဇာမြို့ကိုကျော်ပြီး တရုတ်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ခဲ့သည်မှာ ယခုတစ်ကြိမ်သာ မဟုတ်ဘဲ ယခင်ကလည်း ဖြစ်ပွားခဲ့သည့် သာဓကများရှိခဲ့သည် ဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများ တရုတ်ဘက်ခြမ်းသို့ လေးလုံးကျရောက်ပေါက်ကွဲခဲ့၍ တရုတ်နိုင်ငံသား တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ယခုလိုဖြစ်စဉ်များသည် ကချင်ပြည်နယ်တွင် သာမက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးအတွင်းမှာလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးများ တရုတ်နိုင်ငံ နယ်စပ်အတွင်း ကျရောက်ပေါက်ကွဲမှုရှိခဲ့သည်ကို သတင်းဖော်ပြချက်များအရ တွေ့ရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ စခန်းကုန်းမှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီး တရုတ်နိုင်ငံဘက်ခြမ်း ဝမ်တိန်မြို့ထဲသို့ ကျရောက်ပေါက်ကွဲ၍ နေအိမ်များပျက်စီးခဲ့ကြောင်း “Khit Thit” သတင်းဌာနက အောက်တိုဘာ ၂၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံထဲသို့ လက်နက်များကျရောက်ခဲ့သည်ကို မကျေမနပ်ဖြစ်မိကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ယိ (Mr. Wang Yi) က AFP သတင်းဌာနသို့ ဖြေကြားခဲ့ကြောင်းကို နိုဝင်ဘာလ ၇ ရက်နေ့၌ Myanmar Now ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
“တရုတ်နယ်စပ်မှာ နေထိုင်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်စေတဲ့ ဖြစ်ရပ်တွေကို တားဆီးဖို့ လက်တွေ့ကျကျ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်၊ တရုတ်အစိုးရကတော့ နိုင်ငံသားတွေရဲ့ အသက်၊ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။” ဟု Mr. Wang Yi ဖြေကြားခဲ့ကြောင်း Myanmar Now သတင်း၌ တွေ့ရပါသည်။
တရုတ်သည် ၎င်း၏ပြည်သူပြည်သားများ လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးကို လိုလားကြောင်း အစဉ်တစိုက်ပြောနေသော အိမ်နီးချင်းအစိုးရ ဖြစ်သည်။ သို့သော်လည်း တရုတ်အစိုးရက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ ဆန့်ကျင်ခြင်းခံနေရသည့် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်များကြောင့် ၎င်း၏နိုင်ငံသားများ သေဆုံးထိခိုက်မှုရှိခဲ့သည့်တိုင် စစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ရှုတ်ချဝေဖန်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများက အာဏာရှင်စနစ်ဖြုတ်ချရေး ဆင်နွှဲနေသည့်အချိန် တရုတ်အစိုးရက စစ်ကောင်စီကို ငဲ့ညှာနေသည့် ရပ်တည်ချက်ကို နယ်စပ်ဒေသ တိုင်းရင်းသားများ သာမက မြန်မာပြည်သူများက ဘဝင်မကျဖြစ်နေကြခြင်း ဖြစ်ပါသည်။
တရုတ်သည် စစ်ကောင်စီကို အများသိအောင် ရှုတ်ချဝေဖန်မှုများ မရှိသည့်အပြင် နယ်စပ်အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်လာလျှင် နယ်စပ်သွားလာခွင့် ပိတ်ပင်မှုများရှိခဲ့သည်။ ထို့အပြင် စစ်ဘေးစစ်ဒဏ်ကို စိုးရိမ်သဖြင့် စစ်ရှောင်ခိုလှုံလိုသော တိုင်းရင်းသားပြည်သူများကိုလည်း လိုလိုလားလား လက်ခံလိုပုံ မရှိခဲ့ပေ။ ယခုလိုဖြစ်သည့် တရုတ်အစိုးရ၏ လုပ်ရပ်သည် ယခင်ကတည်းက ရှိခဲ့သည်ကို တွေ့ရသည်။
၂၀၁၃ ခုနှစ်တွင်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာခဲ့စဉ်က တရုတ်နိုင်ငံနယ်စပ်မြို့သို့ သွားလာခွင့်ကို တရုတ်အာဏာပိုင်များက ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က RFA သတင်း၏ ဖော်ပြချက်အရ သိရပါသည်။
သို့သော် တရုတ်အစိုးရက နယ်စပ်ဒေသ တိုင်းရင်းသားများ၏ အရေးကို လုံးဝ ဥပက္ခာပြုထားသည်တော့ မဟုတ်ပြန်ပေ။ စစ်ရှောင်ပြည်သူများကို နိုင်ငံအတွင်း ခိုလှုံခွင့်မပြုခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီအချို့ ပေးခဲ့သည်ကို သတင်းဖော်ပြချက်များအရ သိရသည်။ ထို့အပြင် တစ်ကမ္ဘာလုံး ပြန့်နှံ့ခဲ့သည့် ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်ခဲ့သော အချိန်ကာလများတွင် တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ထောက်ပံ့ကူညီမှုပေးခဲ့ကြောင်း သိရသည်။ ၎င်းထောာက်ပံ့ ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်လည်း KIO က ၂၀၂၁ ခုနှစ် ဩဂုတ် ၂၄ ရက်နေ့၌ ထုတ်ပြန်ခဲ့ဖူးသည်။
ယခုလို တရုတ်အစိုးရ၏ လှေနံနှစ်ဖက်နင်းနေသည့် ဆက်ဆံရေးကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များလည်း စိတ်သွားသလောက် ကိုယ်မပါနိုင်သည့် သဘောများကိုလည်း တွေ့ရသည်။
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က “ယနေ့အချိန်အခါတွင် ကချင်လွတ်လပ်ရေးအဖွဲ့သည် မိမိနှင့် ရည်မှန်းချက်တူညီသော၊ စစ်ရေးဦးတည်ချက်တူညီသော၊ မြန်မာနိုင်ငံပြောင်းလဲရေးကို လိုလားသော မိတ်ဖက်အဖွဲ့အစည်းများ အားလုံးနှင့် အတူလက်တွဲကာ စစ်ကောင်စီအား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး နည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေသည်။ ယခုလို နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်နေချိန်တွင် ကချင်လွတ်လပ်ရေးအဖွဲ့သည် မိမိနှင့် နယ်နိမိတ်ချင်း ထိကပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားနှင့် စိုးရိမ်မှုများကိုလည်း အလေးထားထည့်သွင်း စဉ်းစားကာ လုပ်ဆောင်နေကြောင်း” ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖွဲ့စည်းခြင်း (၆၃) နှစ်ပြည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကိုလည်း တရုတ်အစိုးရ၏ မီးစိမ်းပြမှုကြောင့် ထိထိရောက်ရောက် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြခဲ့ကြသည်။ အဆိုပါက ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေးသည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့်ပင် ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခဲ့သည်။
အထက်ပါဖြစ်ရပ်များနှင့် လက်ရှိ KIA ဦးဆောင်ကာ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်၏ စခန်းကုန်းများအား တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ပွဲ ဖော်ဆောင်ရန်အတွက် KIO/KIA အနေဖြင့် တရုတ်၏ အခန်းကဏ္ဍကို ထည့်တွက်စဉ်းစားပြီး ဖြစ်မည်ဆိုသည်မှာ သေချာပါသည်။ ထို့ကြောင့်လည်း ယခု မတ်လ ၇ ရက်နေ့၌ စတင်လိုက်သည့် စစ်ဆင်ရေးတွင် လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် ခြိမ်းခြောက်နိုင်သည့် စခန်းကုန်းများအား တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ကာ လိုင်ဇာမြို့အတွင်းသို့ (သို့မဟုတ်) တရုတ်နယ်စပ်ဘက်သို့ လက်နက်ကျရောက်သော အန္တရာယ်မှ အလျှင်အမြန်ရှောင်ရှားနိုင်မည့် ဗျူဟာကျင့်သုံးခဲ့သည်ကို သုံးသပ်တွေ့ရှိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့သည့်ကြားမှာပင် စစ်ဆင်ရေး ပထမနေ့နှင့် ဒုတိယနေ့ဖြစ်သည့် မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ယခင်က လိုင်ဇာဘက်ကို ပစ်လေ့ပစ်ထ သိပ်မရှိသည့် နာဖေါ့စခန်းကုန်းမှ စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီးကျည်အချို့ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်မှု ဖြစ်ခဲ့ပါသေးသည်။
ထို့ကြောင့် တရုတ်အစိုးရသည် လက်ရှိ ပြည်သူတစ်ရပ်လုံး ထောက်ခံနေသည့် စစ်အာဏာရှင်တော်လှန်ရေးကို လုံးလုံးလျားလျား မထောက်ခံလျှင်တောင် “မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့” ဆိုသည့် မြန်မာစကားပုံအတိုင်း၊ ပြည်သူများလိုလားသော တော်လှန်ရေးဘက် မရပ်တည်ပေးသည့်တိုင် စစ်ကောင်စီ အသက်ရှူချောင်မည့် လုပ်ရပ်များကို ရှောင်ရှားပေးသင့်ကြောင်း သုံးသပ်ပါသည်။