“ဝ” နှင့် မိုင်းလားကို အာရုံစိုက်စေခြင်းဖြင့် တရုတ်အား လမ်းလွှဲစေရန် ကြိုးစားခဲ့သည့် စစ်ကောင်စီ အငိုက်မိအရှိုက်ထိခံရ
သုံးသပ်ချက်။
25 December 2023 – Kachinwaves
၁၀၂၇ စစ်ဆင်ရေး၏ ရည်ရွယ်ချက်တစ်ခုအဖြစ် ပါဝင်နေသော အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေးသည် တရုတ်အစိုးရ အာရုံစိုက်ကိုင်တွယ်ဖြေရှင်းလိုသည့် ကိစ္စတစ်ခုဖြစ်သည်။ အဆိုပါကိစ္စဖြေရှင်းရေးနှင့် ပတ်သက်၍ တရုတ်က စစ်ကောင်စီထက်ခြေလှမ်းစောကာ သေသေချာချာအကွက်ချ ပြင်ဆင်ချဉ်းကပ်ခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်၍ ၁၀၂၇ စစ်ဆင်ရေးနှင့် တရုတ်ကိုင်တွယ်လိုသည့် အွန်လိုင်းလောင်းကစားလိမ်လည်မှုကိစ္စ ဆက်စပ်နေပြီး တရုတ်မီးစိမ်းပြသည့် အခွင့်အရေးကို တော်လှန်ရေးအဖွဲ့များက အမိအရ လက်ဦးမှုရယူခဲ့ကာ စစ်ကောင်စီအား အငိုက်မိအရှိုက်ထိစေသည့် စစ်ဆင်ရေးဖြစ်လာသည်။
စစ်ဆင်ရေး၏ ရည်ရွယ်ချက်ထဲတွင် ယခုလို ပါရှိသည်။
“တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး”
ညီနောင်မဟာမိတ်(၃) ဖွဲ့၏ စစ်ဆင်ရေး မကြေညာမီ အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာနှင့် နယ်နိမိတ်ချင်း ဆက်နေသည့် တရုတ်နိုင်ငံ ယူနန်ခရိုင် လင်ချန်းမြို့၌ ပြုလုပ်သော ကုန်သွယ်ရေးပြပွဲတစ်ခုသို့ ရောက်ရှိနေသည့် လောက်ကိုင်မြို့အခြေစိုက် ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲတို့က ဖမ်းဆီးခဲ့ကြောင်း မြန်မာသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ၎င်းဖမ်းဆီးမှုတွင် စစ်ကောင်စီ၏ ကိုးကန့်မဟာမိတ်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် မတ်လက အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ ချီးမြှင့်ခံရသူ ဦးမောင်မောင်လည်း ပါဝင်ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ လောက်ကိုင်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များအား ဖမ်းဆီးကြောင်း သတင်းထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့တွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) အရာရှိနှစ်ဦးကိုလည်း ကျားဖြန့်(ကျဖျင်) လုပ်ငန်းကြိုးကိုင်သူများအဖြစ် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ကာ ဆုကြေးငွေထုတ်ခဲ့သည်။
ကျားဖြန့်ကိစ္စနှင့်ပတ်သက်၍ အထက်ပါကိစ္စများဖြစ်ပြီးနောက် အောက်တိုဘာလ ၂၃ ရက်နေ့တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media” မှ Online လောင်းကစားနှင့် လိမ်လည်မှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း အား လာရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ အဆိုပါ တွေ့ဆုံမေးမြန်းမှုကို စစ်ကောင်စီက ၎င်းတို့၏ မီဒီယာစာမျက်နှာပေါ်တွင် အောက်တိုဘာ ၂၉ ရက်နေ့၌ ဖော်ပြခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး မစတင်မီ သုံးရက်အလိုတွင် ပြုလုပ်ခဲ့သည့် ယင်းတွေ့ဆုံမေးမြန်းမှုတွင် Phoenix New Media က Online လိမ်လည်မှုကိစ္စနှင့် ပတ်သက်၍ သေသေချာချာအာရုံစိုက် မေးမြန်းခဲ့သည်ကို တွေ့ရှိရသည်။ သို့သော် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က Online လိမ်လည်မှုသည် “ဝ”နှင့် မိုင်းလား ဒေသတွင်လည်း လုပ်ကိုင်နေသည့် အကြောင်းကိုသာ ဇောင်းပေးဖြေကြားခဲ့ပြီး ကိုးကန့်ဒေသမှာ ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသဖြစ်၍ ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနေကြောင်း ဖြေကြားခဲ့သည်။
“မေး။ ယခုအချိန် Online လိမ်ညာနေတဲ့အဖွဲ့ ဘယ်နှစ်ဖွဲ့လောက် ဖမ်းဆီးထားလဲ။ တရုတ်နိုင်ငံက ထိခိုက်သူတွေအပေါ်ကို ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိပါသလဲ။
ဖြေ။ “ဝ” နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသများဟာ အထူးဒေသများဖြစ်ပါတယ်။ “ဝ” နဲ့ မိုင်းလားဒေသဟာ ကျွန်တော်တို့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိလို့ ဖမ်းဆီးရမိတာတွေကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ “ဝ” နဲ့ မိုင်းလားဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။”
Phoenix New Media က Online လောင်းကစားမှုနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို “မြန်မာနိုင်ငံဘက်က စတင်ခဲ့တာလား၊ တရုတ်နိုင်ငံဘက်က စတင်ခဲ့တာလား။”ဟု မေးမြန်းခဲ့ရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “တရုတ်နိုင်ငံဘက်မှ အကြောင်းကြားလာမှသာ နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။”ဟု ဖြေကြားခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင်က “ဝ” နှင့် မိုင်းလား ဒေသတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည့် ပြဿနာမှာ ဘိန်းဖြူဖြစ်ပြီး၊ ဒုတိယအကြိမ် WY ဆေးပြားပြဿနာ ပေါ်ပေါက်ခဲ့ပြီးနောက် ယခု Online လိမ်လည်မှု ပြဿနာပေါ်ပေါက်လာသည်ဟု ဆိုသည်။ ယင်းပြဿနာများကို ဖြေရှင်းရန် “ ‘ဝ’ နဲ့ မိုင်းလားကို (တစ်) တရားဥပဒေနဲ့အညီနေထိုင်ဖို့၊ (နှစ်) တရားဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေသာ လုပ်ကိုင်ဖို့၊ (သုံး) အဲဒီဒေသအတွင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ ရဲ၊ လဝက၊ အကောက်ခွန်တို့ပေးဝင်ဖို့ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမှာ ဖြစ်ပါတယ်။”ဟု ပြောခဲ့သည်။
“ဝ”နှင့် မိုင်းလားသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့သည်။
Online လိမ်လည်မှုမှာ (မြန်မာ) “အစိုးရက ပါဝင်ပတ်သက် ခဲ့ပါသလား။ ဘယ်လိုနှိမ်နှင်းခဲ့ပါသလဲ။”ဟု မေးမြန်းခဲ့သည့် မေးခွန်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ‘ဝ’ နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးမှ မရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ်စကားပြောတတ်သူသာများပြီး မြန်မာစကား ပြောတတ်သူရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။
အဲဒီ အခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်ကို တရုတ်စကားမတတ်ဘဲ ဝင်လို့မရပါဘူး။ UWSA နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံထဲက ဖူအာနဲ့ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်။ မေးကြည့်ရင်သိနိုင်ပါတယ်။”ဟု “ဝ”နဲ့ မိုင်းလားအကြောင်းကိုသာ အာရုံစိုက်ရှင်းလင်းခဲ့သည်ကို တွေ့ရသည်။
အမှန်တကယ်တော့ ကိုးကန့်ဒေသလည်း “ဝ”နဲ့ မိုင်းလားဒေသနှင့်အလားတူ တရုတ်ဘာသာစကား အသုံးများသည့် ဒေသဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်အတွင်းက အထူးဒေသ (၁) ကိုးကန့်၊ အထူးဒေသ (၂) “ဝ” နှင့် အထူးဒေသ (၄) မိုင်းလား ဒေသများမှ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) အဖွဲ့တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ သီးခြားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းလာခဲ့သည့် သမိုင်းကြောင်းလည်း တူညီနေသည်။
Phoenix New Media နှင့် တွေ့ဆုံမေးမြန်းမှုတွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဖြေကြားချက်များကို ခြုံငုံသုံးသပ်ကြည့်လျှင် စစ်ကောင်စီက ကိုးကန့်ဒေသသည် ၎င်းတို့ ထိန်းချုပ်နိုင်သည့် ဒေသဖြစ်၍ Online လိမ်လည်မှုပြဿနာကို ဖြေရှင်းနိုင်သော်လည်း ပြဿနာကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနိုင်ရန် “ဝ” နှင့် မိုင်းလား ဒေသမှာလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန်လိုအပ်ကြောင်း တရုတ်ကို အသိပေးနေသည့် သဘောဖြစ်သည်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အား တို့ထိရန် တရုတ်၏ အကူအညီလိုအပ်နေသည်ကိုလည်း လှစ်ပြနေသည်။
ထို့အပြင် “ဝ” အဖွဲ့ကို အခြားလက်နက်ကိုင်အဖွဲ့များကဲ့သို့ အချင်းချင်းအဖွဲ့ကွဲသွားအောင်လည်း သွေးခွဲစည်းရုံး၍မရ၊ စစ်ရေးဖိအားပေးရန်လည်းအခွင့်မသာဖြစ်နေသော စစ်ကောင်စီက “ဝ” အဖွဲ့ကို မချစ်သော်လည်းအောင့်ကာနမ်း ဖြစ်နေရသည့်သဘော ပေါ်လွင်နေပါသည်။
တရုတ်မီဒီယာနှင့် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် တွေ့ဆုံမေးမြန်းမှုပြုလုပ်ပြီးနောက် လေးရက်မြောက်နေ့ဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ MNDAA၊ AA၊ TNLA ညီနောင်မဟာမိတ်(၃)ဖွဲ့က “၁၀၂၇ စစ်ဆင်ရေး”ကို ကြေညာလိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် မြို့များအား တိုက်ခိုက်သိမ်းပိုက်လာခဲ့သည်။ ထို့အပြင် အဆိုပါ စစ်ဆင်ရေးနှင့် ဟန်ချက်ညီဖော်ဆောင်လာသည့် တော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေးများကြောင့် စစ်ကောင်စီသည် ရှမ်းပြည်နယ်အပြင် အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း တပ်စခန်းနှင့်မြို့များကို လက်လွှတ်နေရသည်။
စစ်ဆင်ရေးအရှိန်အဟုန်ပြင်းလာချိန်တွင် “ဝ” အဖွဲ့က စစ်ဆင်ရေးတွင် ဘက်လိုက်ပါဝင်ခြင်းပြုမည် မဟုတ်သော်လည်း ဒေသအတွင်းရှိ အရပ်သားအားလုံး၏ အသက်နှင့်အိုးအိမ် လုံခြုံရေးကို ခြွင်းချက်မရှိ အကာအကွယ်ပေးသွားမည်ဖြစ်ပြီး၊ လေကြောင်း၊ ကြည်းကြောင်းများဖြင့် ကျူးကျော်လာမှုမှ ကာကွယ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ရေးစစ်ရာ၌ ဖုံးမရဖိမရ အရေးနှိမ့်လာသည့် စစ်ကောင်စီသည် ၎င်းတို့စစ်ကောင်စီ၏ စစ်ရေးနိုင်ငံရေးများအပေါ်ထိခိုက်စေသည့် သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များကို “သတင်းတုသတင်းမှား” ဖြစ်ကြောင်း ၎င်းတို့ပိုင် မီဒီယာများမှတဆင့် နိုဝင်ဘာ ၂၁ ရက်နေ့မှစ၍ နေ့စဉ်ထုတ်ပြန်နေသည်။ ထို့အပြင် ယခင်က လပိုင်းခြားပြီးမှသာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်လေ့ရှိသော်လည်း သတင်းထုတ်ပြန်ရေးခေါင်းဆောင်၏ သတင်းအကျဉ်းထုတ်ပြန်မှုကို နေ့စဉ်နီးပါး ပြုလုပ်လာရသည်ကိုလည်း တွေ့ရသည်။
စစ်ဆင်ရေး မစတင်မီအစောပိုင်းက ကျားဖြန့်(ကျဖျင်)လုပ်ငန်း၏ အရေးကြီးခေါင်းဆောင်ဟု တရုတ်ဖမ်းဝရမ်းထုတ်ခဲ့သူနှစ်ဦးမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) အရာရှိများဖြစ်နေသော်လည်း စစ်ဆင်ရေးနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခံရသူများမှာ စစ်တပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့နှင့် ပတ်သက်နေသူ ကိုးကန့်ဒေသ၏ ပဲ့ကိုင်ရှင်များဖြစ်နေသည်ကို သတင်းမီဒီယာဖော်ပြချက်များအရ တွေ့နေရသည်။
စစ်ကောင်စီသည် Online လောင်းကစားနှင့် လိမ်လည်မှုကိစ္စအပေါ် အာရုံစိုက်ဖြေရှင်းလာသည့် တရုတ်၏ ခြေလှမ်းများကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲကိစ္စများကို ကြိုမမြင်ခဲ့မိသလော သို့မဟုတ် သုံးသပ်ဆင်ခြင်နိုင်ခဲ့သော်လည်း ကိုင်တွယ်ဖြေရှင်းနိုင်ရန် အခွင့်မသာခဲ့သလော ဆိုသည်မှာ ၎င်းတို့သာ အသိဆုံးဖြစ်မည် ဖြစ်ပါသည်။ သို့သော် အများသုံးသပ်သလို ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်၏ မီးစိမ်းပြမှုရှိခဲ့ပြီး စစ်ကောင်စီကို စစ်ရေးနိုင်ငံရေးမှာ အငိုက်မိအရှိုက်ထိစေကာ အလုပ်များစေခဲ့သည့် စစ်ဆင်ရေးဖြစ်ကြောင်း ထင်ထင်ရှားရှား မြင်နေရပါသည်။