မိုးညှင်းက လေကြောင်းကာကွယ်ရေးစခန်းကုန်းအား KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်
5 December 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့မြောက်ဘက်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုကို ယနေ့နံနက်က KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
စစ်အာဏာမသိမ်းခင်ကာလကတည်းက တည်ရှိခဲ့သည့် လေကြောင်းကာကွယ်ရေးစခန်းကုန်း (Air Defense Radar Station) ကိုယနေ့နက်အစောပိုင်း ၁၂ နာရီခွဲဝန်းကျင်ကစပြီး တိုက်ခိုက်ခဲ့ရာ ခဏအကြာတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မဟာ ၈ လက်အောက်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“မနက် ၁၂ ခွဲ ၁ နာရီပေါ့ ။ ဒီမနက်အစောကြီး။ ခဏပဲတိုက်ခိုက်လိုက်ရတာပါ”
အဆိုပါစခန်းတွင် မိုးညှင်းဒေသခံတပ်များ တာဝန်မယူရဘဲ မြန်မာပြည်အောက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ၃ လ တစ်ကြိမ် လဲလှယ်တာဝန်ယူရကြောင်း ၎င်းကဆိုသည်။
“မိုးညှင်းဒေသခံတပ်တွေ အဲ့ဒီမှာထိုင်ရတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ အဲ့ဒီကုန်းပေါ်မှာ အများဆုံးထိုင်တာက အောက်ပိုင်းက၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း ရန်ကုန်တိုင်း အဲ့ဘက်က ရဲဘော်တစ်ယောက်ဟာ ၃ လပဲ နေခွင့်ရှိတယ်။ ပြီးရင်အသစ်ချိန်းတာ”
ယင်းစခန်းကို တိုက်ခိုက်ရာတွင် ဒရုန်းပစ်ကူကို အဓိကအသုံးပြုခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။
စခန်းသိမ်းတိုက်ပွဲစတင်သည့်အချိန်မှညသန်းခေါင်ကစပြီး ယနေ့နံနက်မိုးလင်းပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများကို ကြားနေရသည်ဟု ဘီလူးမြို့ဒေသခံ အမျိူးသမီးတစ်ဦးက ဆိုသည်။
“ညကတော့ သေနတ်သံတွေရောပဲ။ မနက်တော့ လက်နက်ကြီးသံပဲ။ အသံကတော့ညသန်းခေါင်ထဲကကြားရတာမနက် ၉ နာရီလောက်ထိပဲ”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတဝန်ကြီး ဦးတူးခေါန်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဘီလူးမြို့မှ စစ်ကောင်စီစခန်းတစ်ခုကို KIA သိမ်းယူနိုင်ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း ရေးသားထားသည်။
တိုက်ပွဲတွင် KIA တပ်မဟာ (၈) နှင့် တပ်မဟာ (၉) လက်အောာက်ခံတပ်ရင်းများနှင့် KPDF တပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ေကြာင်း သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း၊ ရွှေကူမြို့နယ်၊ KIA တပ်မဟာ (၈) နယ်မြေအတွင်းရှိ ရွှေငြိမ်းချမ်းစစ်ကောင်စီစခန်းကို KIA နှင့် မြို့လှ KPDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။