လေကြောင်းစစ်ကူလာသည့် စကစ လေယာဉ်က အချင်းချင်း ပြန်ပစ်မိ
9 November 2023- Kachinwaves
တိုက်ပွဲဖြစ်ပွါးသည့် စစ်ကိုင်း – ကချင်အစပ်နေရာသို့ လေကြောင်းပစ်ကူလာသည့် စစ်ကောင်စီတိုက်လေယာဉ်များမှ SNA ၏ တပ်စခန်းများအား ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ် ပူးပေါင်းအထိုင်ချထားသည့် သံယောဇဉ် တပ်စခန်းနှင့် ဥရုချောင်း ကြိုးတံတားအနီးရှိ တပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် ( KIA )က ယနေ့နံနက် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကူလာသည့်တိုက်လေယာဉ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“လေယာဉ်နဲ့ လာပစ်သွားတာ ၃ ကြိမ်၊ လေယာဉ်နဲ့ပစ်တာ သံယောဇဉ်စခန်း၊ ကြိုးတံတားစခန်း”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွါးချိန် ဆယ်ဇင်းကျေးရွာတွင်အထိုင်ချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆယ်ဇင်းကျေးရွာအတွင်းရှိ ကိုဘိုဘို ဆိုင်ကယ်ဝပ်ရှော့အနီးနှင့် ကျေးလက်ဆေးပေးခန်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လေယာဉ်ပစ်ခံရသည့် စခန်း ၂ ခုနှင့် ရွှေတွင်းရွာမှ စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းက သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယနေ့ညနေ ၆ နာရီကစပြီး ရွှေတွင်းရွာနှင့် ရာလာတီးရွာအကြားရှိ SNA စခန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ရာ တိုက်ပွဲပြန်လည်ဖြစ်ပွါးနေကြောင်း ဆယ်ဇင်းရွာဒေသခံတစ်ဦးက ပြောသည်။
“ရွှေတွင်းနဲ့ ရာလာတီးဆိုတဲ့ ရှမ်းရွာကြားမှာ ရှမ်းနီဘက်က စစ်တပ်ကြီး ထိုင်ထားတာပေါ့။ အဲ့နေရာမှာခုလက်ရှိအချိန်ထိပေါ့။ ဖြစ်နေကြတယ်လို့ပြောတယ်”
စခန်းသိမ်းတိုက်ပွဲဖြစ်ပွါးနေသည့် နေရာများမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်တွင်ရှိသည်။
ယနေ့နံနက်ပိုင်းက သိမ်းပိုက်ရရှိသည့် တပ်စခန်းများမှာ KIA က မကြာခဏသွားရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခြင်းခံခ့ဲရသည့် စခန်းများဖြစ်သော်လည်း SNA နှင့် စစ်ကောင်စီတို့က ယင်းနေရာတွင် ထပ်ခါတလဲ ပြန်လည်အထိုင်ချနေခြင်း ဖြစ်သည်။