တိုက်ပွဲနေရာနှင့်နီးလာသည့် ဝိုင်းမော်မြို့မှ တရားရုံးဝန်ထမ်းများ အလောတကြီး ရုံးချိန်းခေါ်နေသည်ဟုဆို
9 November 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှ တရားရေးဆိုင်ရာ ဝန်ထမ်းများ ရုံးပိတ်သိမ်းရန်အတွက် အမှုသည်များကို ရုံးချိန်းများအလောတကြီး ခေါ်ယူနေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်တွင် ဝိုင်းမော်မြို့မှအလုပ်လုပ်နေသည့် တရားရေးဝန်ထမ်းများမှာ ရုံးဌာနမှထွက်ခွါရန် ပြင်ဆင်နေကြသည်ဟု ရုံးချိန်းသွားရောက်သူများထံမှ ကြားသိရကြောင်း မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဝိုင်းမော်တရားရုံးကလူတွေက အထုပ်တွေထည့်ပြီး နေရပ်ပြန်ဖို့ ပြင်နေကြတာတဲ့” လက်ကျန်အမှု
များ အပြီးသတ်ရန် ခေါ်ယူနေကြခြင်းဖြစ်ကြောင်း သူကဆိုသည်။ “မြန်မြန်အပြီးသတ်ရအောင် ခေါ်တွေ့တာ အမှုသည်တွေကို။ အဲ့လိုခေါ်တွေ့လို့ သိရတာ။ အပြီးလုပ်သွားဖို့ ပြင်နေတယ်တဲ့”
ထို့အပြင် ဝိုင်းမော်ပြည်သူ့ဆေးရုံမှ လူနာများကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းပေးနေကြောင်းလည်း သိရသည်။
ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ခွါရန်ပြင်နေကြသည့် ဝိုင်းမော်မြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ လနှင့်ချီကြာနေပြီဖြစ်ပြီး စစ်ကောင်စီတပ်က စခန်းများ သိမ်းပိုက်ခံနေရသည်။
ယမန်နေ့ညကလည်း ဝိုင်းမော်မြို့အထွက်ဘက် ရွှေညောင်ပင်ေကျးရွာရှိ ခ.မ. ရ (၃၂၁) တပ်ရင်းကို KIA ဘက်မှ ဒရုန်းဖြင့် ဗုံးချခဲ့ပြီးနောက် စစ်တပ်အတွင်းမှ လက်နက်ကြီးပစ်ခတ်သံများ ကြားခဲ့ရကြောင်း သိရသည်။