မိုးညှင်းတွင် စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေ တိုက်ခိုက်
4 June 2022-kachinwaves
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကေအိုင်အေ အမှတ် (၉) တပ်မဟာ၊ အမှတ် (၂၆) တပ်ရင်းနယ်မြေ လုံးတုံအနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ကေအိုင်အေတပ်ဖွဲ့တို့က ယနေ့နံနက် (၄)ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးသူများရှိကြောင်း သိရသည်။
၎င်းစစ်ကြောင်းသည် ဂွေလုံစစ်ကောင်စီတပ်စခန်းမှ အင်အား ၁ဝဝကျော်ဖြင့်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း ဖြစ်ကြောင်း သိရသည်။ ၎င်းယာဉ်တန်းသည် ဇွန်လ (၃) ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် ညောင်ပင် စစ်ကောင်စီတပ်စခန်းသို့ ရောက်ရှိလာပြီး ယနေ့နံနက် တုန်ဖုန်းကား (၃) စီးဖြင့် ထပ်မံစစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်ဖွဲ့တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ လုံးတုံတပ်စခန်းသို့ ရောက်ရှိနေကြောင်းသိရသည်။
ဇွန်လ ၁ရက်နေ့တွင်လည်း ကချင်ပြည်နယ် ပူတာအိုမှ ရိက္ခာပို့ပြီးဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေက တိုက်ခိုက်ခဲ့သည်။