ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ နေအိမ်တစ်အိမ်တွင် သေနတ်ထောက်ပြီး ငွေသိန်းရာချီ လုယူသွား
28 May 2022 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ရှိ နေအိမ်တစ်အိမ်တွင် မေလ ၂၇ရက်နေ့ ၁၁နာရီခွဲခန့်အချိန်၌ အမည်မသိလူလေးဦး ရောက်လာကာ သေနတ်ထောက်ပြီး ဓားမြတိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
၎င်းအမည်မသိ သေနတ်သမားလေးဦးသည် Crown အဖြူရောင်ကားဖြင့် ရောက်လာကာ အိမ်ပိုင်ရှင်၏ သားဖြစ်သူအမည်ကိုခေါ်၍ အိမ်တံခါးဖွင့်ခိုင်းပြီး နေအိမ်ထဲဝင်ရောက် ဓားမြတိုက်သွားသည်ဟု သိရသည်။
ဓားမြတိုက်ခံရသည့် အိမ်ပိုင်ရှင်ထံမှ တရုတ်ယွမ်ငွေ သုံးသိန်းနှင့် မြန်မာငွေ ကျပ်သိန်း ၁၀၀ခန့် ပါသွားကြောင်း သိရသည်။
အလားတူ ကွတ်ခိုင်မြို့ ရပ်ကွက် (၈)တွင်လည်း မေလ ၂၆ရက်နေ့က ဓါးမြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုပါသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နေရာအနှံ့တွင် ဓားထိုးလုယက်မှု၊ သေနတ်ထောက်ဓားမြတိုက်မှုသတင်းများ ဖြစ်ပွားမှု များပြားလာသည်။