ရွှေကူမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
14 May 2022 – Kachinwaves
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဇင်ဘုံအနီးရှိ ရူခင်းသာ၌ မေလ ၁၄ ရက်နေ့နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်ကို ကေအိုင်အေပူးပေါင်းတပ်တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေ သတင်းရင်းမြစ်မှ သိရသည်။
၎င်းစစ်ကောင်စီ တပ်မ (၈၈)သည် အင်အား (၈၀) ဝန်းကျင်ခန့်ဖြင့် ဆင်းခန်းရွာဘက်မှ တက်လာစဉ် ရှုခင်းသာအရောက်၌ ကေအိုင်အေနှင့် KPDF ပူးပေါင်းတပ်တို့ မှသုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကေအိုင်အေ အမှတ်(၉) တပ်မဟာ၊ အမှတ်(၂၆) တပ်ရင်း နောင်လွတ် နမ်မာတေး ဘုန်းကြီးကျောင်းမှ စစ်အင်အား ၂၀၀ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီတပ်ကို ကေအိုင်အေတို့မှ သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လွယ်မွန်းရွာမှ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေတို့မှ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ အင်အားတိုးချဲ့ခြင်းများပြုလုပ်နေသည်မှာ လချီလာပြီဖြစ်ကြောင်း သိရသည်။