စစ်ကောင်စီက မြစ်ကြီးနားမြို့တွင် ကင်းပုန်းချ စစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာ
15 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြို့နေရာအချို့တွင် စစ်ကောင်စီတပ်က လုံခြုံရေး ကင်းပုန်းချပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်မှုရှိနေကြောင်း သတင်းရရှိသည်။
မေလ ၉ ရက်နေ့တွင် ဝိုင်းမော်မြို့ဘက်ခြမ်းရှိ ဗလမင်းထင်တံတားအနီးက စစ်ကောင်စီ စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရကာ တပ်ဖွဲ့ဝင်အချို့သေဆုံးမှုရှိခဲ့ပြီးနောက် ယခုလို ကင်းပုန်းချကာ စစ်ဆေးမေးမြန်းမှုများ ပိုမိုတင်းကျပ်လာသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
”ဒီရက်ပိုင်း သူတို့စစ်ဆေးတာ ပိုတင်းကျပ်လာတယ်။ အခုဆိုပိုသိသာတာ မနောကွင်းဘေးက အဝိုင်းပတ်မှာဆို ခဏခဏတွေ့ရတယ်။ မစစ်ရင်လည်း မစစ်ဘူး။ စစ်ပြီဆိုရင်လည်း အကုန်စစ်တာ၊ တစ်ကိုယ်လုံးစစ်တယ်။ ဖုန်းတွေ ဆိုင်ကယ်တူးဘောက်တွေ အကုန်စစ်တာ”ဟု ပြောပြသည်။
ယခင်က အစောင့်များချထားရာတွင် တပ်ဖွဲ့ဝင်အနည်းငယ်သာ ချထားတတ်သော်လည်း ယခုနောက်ပိုင်းတွင် စစ်ဆေးမှုများတွင် ရဲအင်အားအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ အင်အားထပ်တိုးလာကြောင်း မြစ်ကြီးနားမြို့ခံက ဆက်လက်ပြောပြသည်။
အလားတူ ယခုရက်ပိုင်းတွင် မြစ်ကြီးနားမြို့ အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီး လက်နက်ငယ် အသံများလည်း ညတိုင်းလိုလိုကြားရကြောင်း သိရသည်။