စဉ့်ကူးတွင် ပြည်သူတစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး၊ ဦးခေါင်းကို သစ်ငုတ်တိုင်ပေါ် ထိုးစိုက်ထားခဲ့
15 May 2024 – Kachinwaves
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ် တောက်ယာကြီးကျေးရွာတွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်ဟု မြေပြင်သတင်း (စဉ့်ကူး) အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယမန်နေ့ မေလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် စဉ့်ကူးမြို့နယ် ယက္ကန်းစင်တောင်၌ တပ်စွဲထားသည့် အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်က ကျောက်ငနွားကျေးရွာနှင့် တောင်ယာကြီးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တောင်ယာကြီးကျေးရွာမှ အသက် ၃၀ နှစ်အရွယ် ကိုမျိုးဇော်ဦးဆိုသူကို ဖမ်းဆီးကာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့၍ ဦးခေါင်းကို သစ်ငုတ်တိုင်၌ ထိုးစိုက်ထားခဲ့ကြောင်း ပြောပါသည်။
“အကုန်လုံးတော့ ရှောင်ကြတာပဲ။ စီးနင်းဝင်ရောက်တာဆိုတော့ သတင်းရလို့ ဝင်စီးတဲ့ အနေအထားဗျ။ သူ့ကိုတော့ ရွာထဲမှာပဲ ဖမ်းမိသွားတာ ပြီးတော့သတ်ပြီး သစ်ငုတ်တိုင်မှာ ခေါင်းကို ထိုးစိုက်ထားတာ ခေါင်းတခြား ကိုယ်တခြားပဲ။ဟု ဆိုသည်။
အသတ်ခံရသည့် ကိုမျိုးဇော်ဦးဆိုသူသည် အိမ်ထောင်ရှင်ဖြစ်ပြီး ကလေးတစ်ယောက်၏ ဖခင်ဖြစ်ကြောင်းလည်း ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ၎င်းရွာမှ ဒေသခံပြည်သူများ ထွက်ပြေးခဲ့ရကာ ယခုတော့ စစ်ကြောင်းသည် ၎င်းတို့အထိုင်ချနေသည့် ယက္ကန်းစင် တောင်ပေါ်သို့ ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်ကြောင်းလည်း သိရသည်။
၎င်းစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ရွှေဂုဏ်တိုင်ရွာအား စီးနင်းဝင်ရောက်ခဲ့ပြီး ပြည်သူလူထု၏ ဆိုင်ကယ်အစီး ၆၀ ကျော်ကို လုယက်ယူဆောင်သွားကြောင်း သိရသည်။