ပူတာအိုမြို့ ရပ်ကွက်တွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မုဒိမ်းမှုအတွက် သံသယတရားခံကို ဖမ်းမိပြီဟုဆို
12 May 2024 – Kachinwaves
ပူတာအိုမြို့မှာ ဖြစ်ပွါးခဲ့တဲ့ သက်ငယ်လူသတ်မုဒိမ်းမှုအတွက် သံသယတရားခံ အမျိုးသားတစ်ဦးကို ဖမ်းမိထားကြောင်း သိရပါတယ်။
မေလ ၁၀ ရက်နေ့ညက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် (၂) မှာ အသက် ၁၅ နှစ်အရွယ် မဒူနော်ဆိုတဲ့ မိန်းကလေးရဲ့ ရုပ်အလောင်းကို ရပ်ရွာကတွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။
မဒူနော်သေဆုံးမှုအတွက် သံသယရှိသူအမျိုးသားကို ပူတာအိုမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီ ရဲလက်ထံအပ်လိုက်တာဖြစ်တယ်လို့ ပူတာအို ဒေသခံထံမှတစ်ဆင့် သိရှိရပါတယ်။
“ရဲကိုအပ်ထားတယ်။ ပြည်သူ့စစ်က ဖမ်းထားပြီး အပ်လိုက်တာ”
လူသတ်မုဒိမ်းမှုအတွက် သံသယရှိသူဟာ ပူတာအိုလေယာဉ်ကွင်းရပ်ကွက်က မှန်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားဖြစ်တယ်လို့ ဆိုပါတယ်။
“ဆိုင်ဝန်ထမ်းတွေ အကုန်လုံးဖမ်းခေါ်လိုက်တာကို သူက သူဟုတ်တယ်ဆိုပြီး ဝန်ခံတာလေ”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
မဒူနော်ဟာ ပစ္စည်းသွားဝယ်ဖို့ အိမ်ကနေ အခင်းဖြစ်တဲ့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီမှာ ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ပြီး အဲ့နေ့ည ၁၁ နာရီမှာတော့ လက်နဲ့လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံရတဲ့ အနေအထားနဲ့ သေဆုံးနေတဲ့ အလောင်းကို ဒုတ္ထန်ရပ်ကွက်မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ပူတာအိုမြို့မှာ အာဏာမသိမ်းခင် ကာလကလည်း ရပ်ကွက်အတွင်း မုဒိမ်းပြုကျင့်ခံရတဲ့ ဖြစ်စဉ်နဲ့ ကျောင်းဆရာက ဒေသခံမိန်းကလေးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ အမှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။