ဝိုင်းမော် ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်ခဲ့၊ စစ်ကောင်စီက စစ်ကား ၅ စီးနဲ့ စစ်ကူလာတယ်လို့ပြော
9 May 2024 – Kachinwaves
မြစ်ကြီးနားတစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်ဘက်မှာ ဒီကနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်လောက်ကစပြီး ဝိုင်းမော်ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနား၊ ဗလမင်းထင်တံတား တစ်ဘက်ကမ်း ဝိုင်းမော်ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ထွက်ပေါ်နေတယ်လို့ တံတားအနီးနေထိုင်သူက ပြောပါတယ်။
“ဟိုဘက်ကမ်းမှာ ချနေကြတာ။ လက်နက်ကြီးသံ၊ သေနတ်သံတွေ အတိုင်းသားကြားနေရတယ်။”
ဝိုင်းမော်ဘက်ခြမ်းက ဗလမင်းထင်တံတားထိပ်မှာရှိတဲ့ မိုင်းနားစုပေါင်းဂိတ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ မိုင်းနားဒေသခံတစ်ဦးထံကတစ်ဆင့် သိရှိပါတယ်။
“ပစ်နေတယ်တဲ့။ မီးခိုးတွေအူနေတယ်။ စုပေါင်းဂိတ်ကို ပစ်တယ်ပြောခဲ့တာ။ မိုင်းနားကလူ”
မိုင်းနားစုပေါင်းဂိတ်ထိုင်တဲ့ ဗလမင်းထင်တံတားဟာ မြစ်ကြီးနား – ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူတံတားဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေကို အခွန်ကောက်၊ စစ်ဆေးရေး လုပ်ဆောင်တဲ့ဂိတ်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းကာလ အစောပိုင်း ၂၀၂၁ ခုနှစ် ကလည်း ပစ်ခတ်ခံရဖူးပြီး မကြာသေးတဲ့အချိန် ၂၀၂၄ ဧပြီ ၁၁ ရက်နေ့ညကလည်း အဆိုပါဂိတ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
မြစ်ကြီးနားဘက်ကနေ ဝိုင်းမော်ဘက်ကို စစ်ကား ၅ စီးနဲ့ စစ်ကူသွားပြီး ၃ နာရီခွဲအကျော်မှာ ပစ်ခတ်သံတွေ ငြိမ်သက်သွားပြီလို့ သိရပါတယ်။