စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြိုင်သာယာကျေးရွာ စာသင်ကျောင်းဆောင်နှင့် နေအိမ်များ ပျက်စီး၊ ပြည်သူ ၃ ဦးလည်း ထိခိုက်ခဲ့
26 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မြိုင်သာယာကျေးရွာကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၆ ရက် နေ့လယ် ၁၂ ခွဲအချိန်က တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးဖြင့် မြိုင်သာယာရွာထဲကို အကြောင်းမဲ့ ဗုံး ၄ လုံးကြဲချခဲ့သည်ဟု ဆိုသည်။
“ဗုံးက ၄ လုံးကြဲတာ ၂ လုံးပဲ အသံကြားတယ်။ မကွဲတဲ့အလုံးတွေပါ ရှိသေးတယ်။ ရန်သူက ကသာမြို့ပေါ်ကလွဲရင် ရွာဘက်တွေကို စစ်ကြောင်း မထိုးနိုင်တော့ဘူး။ အဲ့တာမို့ လေကြောင်းနဲ့ပဲ ခြိမ်းခြောက်နေရတဲ့ သဘော။ ပြည်သူထိထိ ဘာထိထိပေါ့။”ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုဂျက်မြသောင်း ဦးခေါင်းထိခိုက်ခဲ့ပြီး၊ မမာထွန်း လက်ထိခိုက်ခဲ့ကာ ကိုပေါက်ဆိုသူကတော့ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရကြောင်း ပြောသည်။
စစ်ကောင်စီ၏ အဆိုပါဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၎င်းရွာရှိ မူလတန်းကျောင်းဆောင် အမိုးပွင့်လှန်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ကာ တစ်ခြားနေအိမ် ၃ လုံးလည်း အမိုးအကာများ ပျက်စီးခဲ့ကြောင်းလည်း ပြောသည်။
ဧပြီလ ၂၅ ရက်နေ့ကလည်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီကျေးရွာက ကိုယ်ဝန်ဆောင်များ ဆေးခန်းပြနေသည့် ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၇ ဦး ထိခိုက်ခဲ့ပြီး ဆေးခန်းအနီးရှိ ဈေးဆိုင်ကြီးတစ်ဆိုင်နှင့် ဆီဂိုဒေါင် မီးလောင်ခဲ့သည့်အပြင် အခြားဈေးဆိုင်ငယ် ၇ ခုလည်း ပျက်စီးခဲ့သည်။