ဆင်ဘိုမြို့က စခန်းကုန်းတစ်ခုကို သိမ်းပိုက်၊ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စကစ လေယာဉ် ၃ စင်းနဲ့ တပြိုင်နက် တိုက်ခိုက်တယ်လို့ ပြော
26 April 2024 – Kachinwaves
ဆင်ဘိုမြို့ ခလရ (၁၄၁) စခန်းကုန်းရဲ့ ကာကင်းစခန်းကုန်းတစ်ခုကို ဒီကနေ့မနက်က KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ရဲ့အပြင်ဘက် ၃ မိုင်ဝန်းကျင်အကွာမှာတည်ရှိတဲ့ ခလရ (၁၄၁) စစ်ကောင်စီတပ်ကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ခိုက်နေတာ ၂ လကျော်ကြာပြီးနောက် ဒီကနေ့မှာ ကာကုန်းတစ်ခုကို သိမ်းပိုက်လိုက်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှ သိရပါတယ်။
“ကာကုန်းရတယ်လို့ ကြားမိတယ်။ တပ်ကိုကာထားတဲ့ကုန်း၊ ရှေ့ပွိုင့်နေရာမျိုးလေ။ လက်နက်တွေပါရတယ် ကြားမိတယ်။”
ဆင်ဘိုမြို့ကို ထိန်းချုပ်ပြီးနောက် အဓိက တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့အရေး တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ၃ စီးနဲ့ တစ်ပြိုင်နက် လာရောက်ပစ်ခတ်တာမျိုး ရှိတယ်လို့လည်း သိရပါတယ်။
မနေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆင်ဘိုမြို့၊ မြင်သာကျေးရွာက သားအမိနှစ်ယောက် ဗုံးစထိမှန်ပြီး သားဖြစ်သူသေဆုံးကာ မိခင်ဖြစ်သူက ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်၊
ဧရာဝတီမြစ် ကမ်းနံဘေးမှာတည်ရှိတဲ့ ဆင်ဘိုမြို့ကို KIA နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မြို့ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် ခလရ ၁၄၁ တပ်စခန်းကုန်းကြီးကို သိမ်းနိုင်ဖို့အရေး တိုက်ခိုက်နေဆဲဖြစ်သလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြောင်း သိရပါတယ်။