မပခ အနီးရှိ မော်ဖောင်းကျေးရွာမှ ခရစ်ယာန်ဓမ္မဆရာ ၃ ဦးနှင့် ဘုရားကျောင်းဝန်းခြံစောင့် ၂ ဦးအား စစ်ကောင်စီက ထိန်းသိမ်းထား
21 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အောက်မော်ဖောင်းကျေးရွာမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဓမ္မဆရာ ၂ ဦး၊ ကက်သလစ်အသင်းတော်မှ ဓမ္မဆရာ ၁ ဦးနှင့် ၎င်းဘုရားကျောင်းများ၏ ဝန်းခြံစောင့် ၂ ဦးတို့ကို ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဘုရားကျောင်းဝန်းအတွင်းမှ လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။
”စစ်သားတွေလို့တော့ သိရတယ်။ ယူနီဖောင်းနဲ့တော့ မဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့ ဘုရားကျောင်းတွေကလည်း လမ်းမကြီးဘေးမှာပဲဆိုတော့ မနေ့ည ၁၀ ခွဲလောက်က လာခေါ်သွားတာ။ နှစ်ခြင်းအသင်းတော်က ဆရာ ၂ ယောက်နဲ့ ခြံစောင့်ရယ်၊ ကတ်သလစ်အသင်းတော်က ဆရာတစ်ယောက်နဲ့ ခြံစောင့်ရယ်ကို ဖမ်းခေါ်သွားတာ။ အကြောင်းရင်းလည်း မသိရဘူး။ ခုချိန်ထိလည်း ဘာသတင်းမှ မကြားဘူး။ ဘယ်ကိုခေါ်သွားမှန်းလည်း မသိရဘူး။ ခုလောလောဆယ်တော့ တစ်ရွာလုံးလည်း ကြောက်ပြီးလန့်နေကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောပြသည်။
စစ်ကောင်စီသည် ဧပြီ ၁၇ ရက်နေ့ကလည်း KBC ၏ အထွေထွေအတွေးရေးမှူးနှင့် ဥက္ကဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့သော်လည်း ယင်းနေ့ညမှာပင် နေအိမ်မှ ပြန်လည်ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားဆဲဖြစ်သည်။