ဗန်းမောက် PDF ၏ ၁ ရှစ်လုံး စစ်ဆင်ေရးတွင် စကစ သုံးပွင့်ဗိုလ်တစ်ဦးနှင့် နှစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ
13 November 2023 – Kachinwaves
၁ ရှစ်လုံးစစ်ဆင်ရေးကို စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင်လည်း ဆင်နွှဲကာ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ အရာရှိအဆင့်ရှိသူသုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် စစ်ဆင်ရေးကို စတင်ခဲ့သည့်အတွက် ၁ ရှစ်လုံး (၁၁ ၁၁ ၁၁ ၁၁) စစ်ဆင်ရေးဟု အမည်ပေးထားခြင်းဖြစ်ကြောင်း ဗန်းမောက် PDF ၏ ထောက်ပို့တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဗန်းမောက်မြို့အထွက်ရှိ မြစ်သေးချင်းရွာပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ်တစ်ဦး၊ နှစ်ပွင့်ဗိုလ်တစ်ဦ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း အထက်ပါ PDF က ပြောသည်။
“စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာပါ။ အလောင်းလာမကောက်လို့ PDF တွေသွားပြီးရှင်းပေးရတယ်လို့ ကြားသိရပါတယ်။ (တိုက်ပွဲက) မြို့အထွက်တင်ဖြစ်တာ”
တိုက်ပွဲဖြစ်ပွားခဲ့သည့် မြစ်သေးချင်းကျေးရွာနှင့် ဗန်းမောက်မြို့ကြားတွင် တံတားတစ်စင်းသာ ခြားထားသည်။
အဆိုပါတိုက်ပွဲတွင် MA 1၊ MA 2 အမျိုးအစားသေနတ် တစ်လက်စီနှင့် MA 4၊ MA 5 သေနတ်နှစ်လက်စီ သိမ်းဆည်းရရှိခဲ့ပြီး အခြားခဲယမ်းကျည်များနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများလည်း ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ဗန်းမောက်၊ အနောက်တောရွာ အနီးတွင်တပ်စွဲထားသည့် SNA စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး AK 47 သုံးလက်နှင့်အတူ 60 MM သေနတ်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရှိရသည်။