ဦးရွှေမင်း ဦးဆောင်သည့် လီဆူလူမျိုး တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ စီမံချက် ကွင်းဆင်းလှုပ်ရှားလာ
8 November 2023 – Kachinwaves
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ – LNDP (ဒူးလေးပါတီ)၏ ဥက္ကဌဟောင်း၊ ဦးရွှေမင်း ဦးဆောင်ပြီး လီဆူလူမျိုး တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ စီမံချက်ကို ယမန်နေ့ကစပြီး ဝိုင်းမော်မြို့နယ်အတွင်း စတင်စည်းရုံးလှုပ်ရှားနေပြီဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၊ သာဂရရပ်ကွက်တွင် နေထိုင်သည့် လီဆူတိုင်းရင်းသား လူမျိုးများ၏ နေအိမ်များ၌ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က စစ်ကောင်စီနှင့် ပြည်သူ့စစ် ယူနီဖောင်းများ ဝတ်ဆင်ထားသည့် လူဆယ်ဦးခန့်နှင့် လက်နက်ကိုင်လူတစ်စု တစ်အိမ်တက်ဆင်းပြီး ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်ရန် လှုံ့ဆော်ရေးသားထားသည့် စာရွက်များအား ပေးဝေသွားကြောင်း ရပ်ကွက်နေပြည်သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“လိုင်းပေါ်မှာပြန့်နေတဲ့စာ လာပေးတယ်။ တစ်ရွာလုံး (တစ်ရပ်ကွက်လုံး) ကို စာပေးသွားတယ် ပြောတယ်။ စာပေးပြီး ပြန်သွားပြီတဲ့”
လီဆူဘာသာဖြင့် ရေးသားထားသည့် ယင်းထုတ်ပြန်ချက်တွင် လီဆူလူမျိုးတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို လက်နက်ကိုင် ကာကွယ်ရန်အတွက် တစ်အိမ်တစ်ယောက် မဖြစ်မနေပါဝင် စစ်မှုထမ်းရမည်ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှ ၂၂ ရက်အတွင်း အမည်စာရင်း မပေးသွင်းပါက နေအိမ်တွင် လာရောက်ခေါ်ယူမည်ဖြစ်ကြောင်းနှင့် စစ်မှုထမ်းလိုသူများ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကိုလည်း ရေးသားဖော်ပြထားသည်။
အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ၎င်းလှုံ့ဆော်စာကို ဖေ့ဘုတ်နှင့် ဝီချက် (WeChat) စသည့်လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေပြီဖြစ်သော်လည်း ယမန်နေ့ကစပြီး ပြည်သူ့စစ်နှင့် စစ်ကောင်စီအဖွဲ့ဝင်များ အိမ်တိုင်ရာရောက် ဖြန့်ဝေသွားခြင်းဖြစ်ကြောင်း သိရသည်။
တပ်သားစုဆောင်းခြင်းကို ဝိုင်းမော်မြို့မှတစ်ဆင့် မြစ်ကြီးနား၊ ပူတာအို စသည့် လီဆူလူမျိုးများ နေထိုင်သည့် ဒေသများတွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့နယ် လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စတွင် ဆက်လက်ပါဝင်လိုခြင်း မရှိကြောင်း ဒေသခံမှ ဦးဆောင်သူ လီဆူအမျိုးသားတစ်ဦးက သက်ဆိုင်ရာ စစ်ဗျူဟာရုံးကို တင်ပြထားသည့်စာကို Kachinwaves ရရှိခဲ့ပြီး သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
ဦးရွှေမင်းသည် စစ်ကောင်စီချီးမြှင့်သည့် သီရိပျံချီဘွဲ့ကိုရရှိထားပြီး ဒူးလေးပါတီဥက္ကဌများသည် စစ်တပ်မှ ကျင်းပသည့် ညစာစားပွဲများသို့ ဖိတ်ကြားခံနေရသော ပါတီဖြစ်သည်။
ထို့အပြင် ဦးရွှေမင်းဦးဆောင်သော လီဆူပြည်သူ့စစ်အဖွဲ့သည် စစ်ကောင်စီလက်အောက်ခံအဖွဲ့ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်။
===
Photo: EPN