အင်းတော်မြို့တွင် အထပ်မြင့်အဆောက်အဦးများ၌ စစ်ကောင်စီတပ်နေရာယူ၊ တောင်ကြားထဲသို့ လေကြောင်း ပစ်ခတ်မှုရှိခဲ့
7 November 2023- Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း ယနေ့မွန်းလွဲ ၂ နာရီတွင် တိုက်လေယာဉ်နှစ်စင်းဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့အနီးရှိ၊ နန်းခင့်ကျေးရွာနှင့် နဘားကျေးရွာအနောက်ဘက်ရှိ တောင်ကြားထဲသို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း နဘားကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“တောင်ကြားထဲကို ကြဲသွားတာ အထိအခိုက်မရှိဘူး၊ နမ့်ခင်ရွာအနောက်ဘက်က တောထဲတောင်ထဲဆိုတော့ (တော်လှန်ရေးအဖွဲ့) ထွက်လာပြီးအဝိုင်းခံရမှာစိုးလို့ နေမှာ”
တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အင်းတော်မြို့အတွင်းရှိ အထပ်မြင့်အဆောက်အဦးများ၊ ဆေးရုံ၊ စေတီနှင့် ဝန်ထမ်းအိမ်ယာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားကြောင်း သိရသည်။
ထို့အပြင် အင်းတော်စစ်တပ်ကုန်းနှင့် ရဲစခန်း၊ စစ်ဆေးရေးဂိတ်များတွင်လည်း ကတုတ်ကျင်းနှင့် ဘန်ကာများပြုလုပ်ပြင်ဆင်ထားကြောင်း သိရသည်။