လိုင်ဇာဒေသအနီးရှိ တပ်စခန်းများသို့ စစ်ကူအင်အားဖြည့်ရန် ဆန်တက်လာသည့် စကစ သင်္ဘောများ တိုက်ခိုက်ခံရ
5 November 2023- Kachinwaves
ဗန်းမော်ဘက်သို့ စစ်အင်အားဖြည့်တင်းရန် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ သံခွန်မော်တော်ရေယာဉ်တစ်စီး ယမန်နေ့ညနေ ၅ နာရီက ရွှေကူမြို့နယ်၊ ဆင်ကုန်တိုင်ကျွန်းအနီးတွင်ပစ်ခတ်ခံရကြောင်း သိရသည်။
ကသာမြို့နယ်မှ အထက်သို့ဆန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ခဲယမ်းများတင်ဆောင်လာသည့် သံခွန်ရေမော်တော်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့သည်ဟု မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လက်နက်ကြီး၊ လက်နက်ငယ် အစုံပဲ၊ ပစ်ခဲ့ကြတယ်။ လေးယောက်ကတော့ အခြေအနေ တော်တော်ဆိုးတယ်လို့ ပြောတယ်”
ယင်းရေယာဉ်မှာ နိုဝင်ဘာလ ၃ ရက်နေ့က ကသာမြို့နယ်၊ မင်းလယ်ရွာတွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ ပစ်ခတ်ခြင်းကိုလည်း ခံခဲ့ရသေးကြောင်း သူကဆိုသည်။
“အရင်ကနှစ်စီးတက်လာတာ။ ကသာအောက်ဖက်မှာ အပစ်ခံရတော့ တစ်စီးမရတော့လို့ အခုတစ်စီးပဲဆန်ခဲ့တာ။ စက်နိုးလိုက်၊ ရပ်လိုက်နဲ့”
မြို့လှ KPDF အဖွဲ့နှင့် မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့၏ပစ်ခတ်မှုကြောင့် စက်ပစ္စည်းချို့ယွင်းသွားပြီး ရွှေကူမြို့နယ်၊ ပေါလောရွာတွင် ကမ်းကပ်ကာ ပြင်ဆင်ခဲ့ရကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့်ရေယာဉ်တွင် စစ်အင်အား ၁၀၀ ဝန်းကျင် လိုက်ပါလာပြီး ဗန်းမော်မြို့သို့ ဆန်တက်မည်ဟု သိရှိရသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းရှိ အရေးကြီးတပ်စခန်းများကို သိမ်းပိုက်ခံရသည့် စစ်ကောင်စီသည် KIA ကို ချေမှုန်းတိုက်ခိုက်မည်ဟု ကြွေးကြော်ထားကာ စစ်ကူအင်အားပြန်လည် စုစည်းနေကြောင်း သိရသည်။
ထို့အပြင် လိုင်ဇာမြို့ကိုလည်း လေယာဉ်နှင့် လက်နက်ကြီးများဖြင့် နေရောညပါ ရမ်းသမ်းပစ်ခတ်နေသည်။
စစ်ကောင်စီက ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းရန်အတွက် ဧရာဝတီမြစ်ကြောင်းကိုအသုံးပြုလေ့ရှိပြီး သင်္ဘောနှင့် ရေယာဉ်များ ဆန်တက်လာလျှင် ယင်းမြစ်ကြောင်တစ်လျှောက်တွင် လုံခြုံရေးယူသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွါးလေ့ရှိသည်။