ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
3 November 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို Black Wolf Army PDF တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့က ဘုန်းဘွဲ့ကျေးရွာ ကားလမ်းဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံး ၂ လုံးချပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Wolf Army ၏ ပြန်ကြားရေးဖြစ်သူက ပြောသည်။
ဒရုန်းဖြင့် ရိုက်ကူးရရှိခဲ့သည့် ဗီဒီယိုင်ဖိုင်တွင် ဗုံးထိမှန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အခြားနှစ်ဦးက သယ်ဆောင်သွားသည်ကို တွေ့မြင်ရပြီး ထိခိုက်သူမှာ သေဆုံးသွားပြီဖြစ်ကြောင်း Black Wolf Army က အတည်ပြုပြောဆိုသည်။
အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းကို Black Wolf Army PDF တပ်ဖွဲ့က ဗုံးသုံးလုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။