တစ်ရက်တည်း စစ်ကောင်စီတပ်စခန်း ၃ ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ပြော
28 October 2023 – Kachinwaves
TNLA က တစ်ရက်တည်း၌ စစ်ကောင်စီတပ်စခန်း ၅ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် “နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း – နမ့်ဖတ်ကားလမ်း (၁၃) မိုင် တပ်စခန်း၊ (၁၂) မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့ကို နံနက်ပိုင်း (၄)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။”ဟု TNLA က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကိုလည်း TNLA က နံနက်ပိုင်း ၅ နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အလောင်း (၁၈) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် တစ်ရက်အတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၅ ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်ဖြင့် ၁၂ ကြိမ် တိုက်ပွဲဖြစ်သည့်နေရာသို့ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ကဆိုသည်။
စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ MNDAA၊ TNLA နှင့် AA တို့ရဲ့ တိုက်ခိုက်မှုကြောင့် တပ်စခန်းအချို့ ဆုတ်ခွာပေးရပြီး ပြည်သူ့စစ်နှင့် ရဲဝန်ထမ်းအချို့ သေဆုံးကြောင်း သတင်းမီဒီယာများမှာ ဖြေကြားထားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေး၊ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေး ပစ်ခတ်နနေမှုများကို ဟန့်တားနိုင်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ “Online Game (ကျဖင်)” ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ယမန်နေ့ကပဲ ထုတ်ပြန်ခဲ့ပါသည်။