ဝိန်းလာတောင်စခန်း လက်လွတ်သွားသည့် စစ်ကောင်စီတပ် KIA တပ်စခန်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
20 October 2023 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဝိန်းလာ (ယိန်းလာ)တောင်ရှိ ခမရ ၅၆၇ တပ်စခန်း လက်လွတ်သွားပြီး နောက် စစ်ကောင်စီတပ်က KIA တပ်မဟာ ၆ တပ်စခန်းတစ်ခုကို ဂျက်တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ပူးပေါင်းတပ်တို့က ဝိန်းလာ (ယိန်းလာ)တောင် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA ဘက်က ၂ ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသော်လည်း အသေးစိတ် အခြေအနေကို မသိရသေးပါ။
စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်း နမ်ဆန်ယန် ကျေးရွာအနီး လိုင်လွမ်အောင်ဂျာဘက်လည်း တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်၏ အောင်ဂျာတပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။