လိုင်လွမ်အောင်ဂျာတွင် တပ်စွဲထားသည့် ကျန်ရှိ စကစစခန်း ၂ ခုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေ
20 October 2023- Kachinwaves
မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းရှိ အောင်ဂျာကျေးရွာတွင် ယနေ့နံနက် ၇ နာရီကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။
အောင်ဂျာကျေးရွာရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို KIA ဘက်မှ သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIO ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
လူမှုကွန်ရက်ပေါ်တွင် အောင်ဂျာစခန်းကို KIA ဘက်က ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ထွက်ပေါ်နေ သော်လည်း ဗိုလ်မှူးကြီးနော်ဘူက အတည်မပြုနိုင်သေးကြောင်း ပြောပါသည်။
“တပ်စွဲထားတဲ့နေရာက သုံးနေရာဖြစ်နေတာ။ ဟိုတစ်ခေါက်သိမ်းတာက တစ်နေရာကို သိမ်းတာ။ နှစ်နေရာ ကျန်နေတာ။ ဟိုတစ်နေ့ကတော့ တစ်နေရာကို သိမ်းတာ။ သိမ်းရပြီလား အားလုံးပြီးပြီးစီးစီး ဝင်စီးရပြီလား ဆိုတာ အတည် ပြုပြောလို့ မရသေးဘူး”
စစ်ကောင်စီအထိုင်ချထားသည့် ခါရာတောင်၊ ဘွမ်ရဲတောင်၊ ဒေါ့ဖုန်းရန်နှင့် ဖွန်းပျံတောင် အစရှိသည့် တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ကူနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဘက်မှတိုက်လေယာဉ် ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။
သတင်းရေးသားချိန် ယနေ့မွန်းလွဲပိုင်း ၂ နာရီထိ အပြန်အလှန် လက်နက်ကြီးပစ်ခတ်သံများကို လိုင်ဇာမြို့မှ ကြားနေရပြီး တိုက်ပွဲမှာပြင်းထန်သည့် အခြေအနေတွင်ရှိနိုင်ကြောင်း လိုင်ဇာမြို့နေပြည်သူများက ခန့်မှန်းကြသည်။
အောင်ဂျာကျေးရွာ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် စခန်း (၃) ခုရှိပြီး ၎င်းတို့အနက် လိုင်လွမ်အောင်ဂျာတပ်စခန်းကို စက်တင်ဘာ ၁၆ ရက်နေ့က KIA က သိမ်းပိုက်နိုင်ခဲ့သည်။
ကျန်နေသည့် စခန်း ၂ ခုကို ကေအိုင်အေ နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်တွင် နေ့တိုင်းလိုလို နှစ်ဖက်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ရွှေကူမြို့၊ ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီတာဝါတိုင်ကုန်း စခန်းကို လည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဝိန်းလာတောင် စစ်ကောင်စီတပ်စခန်းကို လည်းကောင်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။