ဗန်းမော်မြို့တွင် လုံခြုံရေးတင်းကြပ် စစ်ဆေးပြီး KIO အမှုထမ်းဟောင်း၏ တိုက်အိမ် ဗုံးခွဲဖျက်ဆီးခံရ
19 October 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ဖမ်းဆီးမှုများကို ဆက်တိုက် လုပ်ဆောင်နေပြီး ယမန်နေ့ကလည်း ပြည်သူ့နေအိမ်တစ်လုံးကို ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ငါးဦးထက် မနည်းရှိပြီး လူငယ်များလည်း ဖမ်းဆီးခံရကြောင်း ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“တနေ့ညက အောင်နန်ကုန်းရပ်ကွက်က အသုဘအိမ်မှာ လူငယ်နှစ်ယောက်ဖမ်းခံရပြီး လူတစ်စုကိုတော့ လယ်တောမှာ ဖမ်းခံရတယ်လို့ ကြားတယ်”
ဖမ်းဆီးခံရသည့် အရပ်သားပြည်သူစုစုပေါင်း မည်မျှရှိသည်ကို Kachinwaves က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ထိုနေ့တစ်ရက်တည်းမှာပင် ညောင်ပင်ရပ်ကွက်တွင် နေထိုင်သည့် KIO အမှုထမ်းဟောင်းနှင့် ၎င်း၏ မိသားစုဝင်နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၎င်းတို့နေထိုင်သည့် အိမ်ကိုယမန်နေ့ညနေ ၆ နာရီဝန်းကျင်က ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း ဗန်းမော်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
“ကချင်အိမ်ဟုတ်တယ်။ KIA နဲ့ ပက်သက်မှုရှိတယ်ဆိုလား။ စစ်တပ်က မိုင်းခွဲလိုက်တယ်တဲ့ ပြောကြတာ တော့”ဟု ပြောသည်။
အောက်တိုဘာ ၁၃ ရက်နေ့ညကလည်း ဗန်းမော်မြို့အဝင် ဂေါက်ကွင်းရှေ့တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွား လာသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲ စတင်ဖြစ်ပွားသည့် ဇူလိုင်လမှစပြီး ဗန်းမော်မြို့အတွင်း စစ်ကောင်စီက စစ်ဆေးရေးပိုမိုတင်းကြပ် စွာ လုပ်ဆောင်လာပြီး အရပ်သားပြည်သူ ဖမ်းဆီးမှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်။