တိုက်ပွဲပြင်းထန်နေသည့် နန်ဇော်ယာန်တိုက်ပွဲသို့ စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်းဖြင့် ၂ ကြိမ်သွားရောက် ပစ်ကူ
11 July 2022 – Kachinwaves
စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်နေသည့် ကေအိုင်အေ တပ်ရင်း (၃)နယ်မြေ ဝိုင်းမော်မြို့နယ် နန်ဇော်ယာန်ကျေးရွာဘက် ဖြစ်ပွားနေသည့် တိုက်ပွဲသို့ စစ်ကောင်စီတပ်က လေကြောင်းနှင့် ထပ်မံပစ်ကူနေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၃နာရီခန့်တွင်တစ်ကြိမ်၊ ညနေ ၅ နာရီခွဲတွင်တစ်ကြိမ် ရဟတ်ယာဉ်နှစ်စင်းဖြင့် သွားရောက် ပစ်ကူနေကြောင်း သတင်းရရှိသည်။ ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့အခြေစိုက် အမှတ် (၅၈) ခလရတပ်ရင်းမှလည်း လက်နက်ကြီးဖြင့် ပစ်ကူခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“တိုက်ပွဲက မနေ့ညကတစ်ကြိမ် ဖြစ်ပွားပြီး ဒီနေ့ ၁၀ နာရီကနေ အခုအချိန် အထိဖြစ်ပွားနေတယ်။ ညနေ ၃ နာရီလောက်က စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စင်းနဲ့ တစ်ကြိမ် လာပစ်သွားခဲ့ပါသေးတယ်။”ဟု ဒေသခံတစ်ဦးက ဆိုသည်။
နန်ဇော်ယာန်ကျေးရွာ ဒေသခံပြည်သူများသည် ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားသည့် ကချင်ဒေသ တကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြပြီး လက်ရှိအချိန်တွင် ကျေးရွာပြန်ပြီး တောင်ယာလယ်ယာများ လုပ်ကိုင်နေသည့် ပြည်သူအချို့သာရှိနေသည့် ရွာဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယခုတိုက်ပွဲကြောင့် အဆိုပါ တောင်ယာလယ်ယာ လုပ်ကိုင်နေသည့် ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်း သွားကြပြီဖြစ်ကြောင်း ဆိုသည်။