ဒေါက်တာ အမ်ကောန်လအား အမှုရင်ဆိုင်ရန် မြစ်ကြီးနားသို့ လွှဲပြောင်း
10 May 2022-Kachinwaves
မြစ်ကြီးနားမြို့ စစ်ကောင်စီ အမှတ် (၁) ရဲစခန်းတွင် ထပ်မံအမှုဖွင့်တရားစွဲခံထားရသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)ဥက္ကဌ ဒေါက်တာအမ်ကောန်လ တရားရင်ဆိုင်ရန်အတွက် နေပြည်တော်မှ မြစ်ကြီးနားသို့ မေလ ၉ရက်နေ့က ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။
“ဒီနေ့က သူတို့ တရားခံလွှဲပြောင်းတဲ့ ရုံးချိန်းလုပ်မှာ ဟုတ်တယ်။ နေပြည်တော်ကနေ ဒီဘက်ပို့လိုက်တာကို ဒီမှာသူတို့ လွှဲပြောင်းတဲ့ ရုံးချိန်းရှိတယ်”ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။
လက်ရှိအချိန် KNC ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို မြစ်ကြီးနားမြို့ မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဆိုသည်။
မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် KNC ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို ပုဒ်မ ၅၀၅ (က)ဖြင့်မြောက်ပိုင်းတိုင်းက ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်မှ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ရက်နေ့တွင် တရားစွဲဆိုထားကြောင်း သိရသည်။
ဒေါက်တာ အမ်ကောန်လသည် ပုဒ်မ ၅၀၅ (က)ဖြင့် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ ဖြစ်သည်။