ထင်ရှားသော တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်ကြီး ခွန်ထွန်းဦး ယနေ့ ကွယ်လွန်အနိစ္စရောက်
30 April 2022 – Kachinwaves
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ယူခဲ့သူ ခွန်ထွန်းဦး (၇၉ နှစ်) သည် ယနေ့ ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းအချိန်တွင် ရန်ကုန်မြို့ ကိုးမိုင် နေအိမ်၌ ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရသည်။
ခွန်ထွန်းဦးသည် ၁၉၈၈ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့၍ ပါတီ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူးဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ နှစ်ပေါင်းသုံးဆယ်ကျော် ပါတီ၏ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။
စစ်အစိုးရဦးဆောင်သည့် ၂၀၀၈ဖွဲ့စည်းပုံဥပဒေရေးဆွဲရေး ညောင်နှစ်ပင် အမျိုးသားညီလာခံသို့တက်ရောက်ရန် ငြင်းဆန်ပြီးနောက် ခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး နှစ်ပေါင်း ၉၃နှစ် ထောင်ဒဏ်ချမှတ်ခံရကာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ၌ ပူတာအိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ခွန်ထွန်းဦးသည် ဖက်ဒရယ်အရေးကို တစိုက်မတ်မတ် ဦးဆောင်လှုပ်ရှားခဲ့သော ထင်ခြားသည့်တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်သည်။ ၎င်းသည် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC)၏ ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)၏ သဘာပတိအဖွဲ့ဝင်နှင့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)၏ အလှည့်က သဘာပတိ စသည်ဖြင့် နိုင်ငံရေး၊ ရှမ်းအမျိုးသားများအရေး၊ တိုင်းရင်းသားလူမျိုးများအရေးများတွင် အရေးကြီးသည့် အခန်းကဏ္ဍများ၌ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။
ခွန်ထွန်းဦး၏ ဈပနကို မေလ ၂ရက်နေ့ ညနေ ၄နာရီအချိန်တွင် ရန်ကုန်မြို့ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်မည်ဖြစ်ပြီး ကြွင်းကျန်ရစ်သည့်အရိုးပြာများကို ရှမ်းပြည်နယ် သီပေါမြို့လွယ်မုပ်တောင်ရှိသီပေါတော်ဝင်မိသားစု သင်င်္ချိုင်းတွင် ဂူသွင်းထားရှိမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက သတင်းထုတ်ပြန်ထားသည်။
Source: ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်