ပုလဲမြို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန်ခုခံနေ၊ ပြည်သူတစ်သောင်းကျော် စစ်ရှောင်နေရ
–
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေပို့နေသလို လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်မှုတွေကြောင့် ပုလဲမြို့အပါအဝင် အနီးနားရှိ ကျေးရွာ ၁၁ ရွာလောက်က ပြည်သူ တစ်သောင်းကျော်ဟာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၄ နာရီလောက်မှာ မြို့တွင်းတိုက်ပွဲ စတင်ခဲ့ရာ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်စွဲနေတဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အထကကျောင်းတို့ကို ပိတ်ဆို့ပြီး ဒရုန်းနဲ့ဗုံးချကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲကတော့ ပြင်းထန်ဆဲပဲ။ လေကြောင်းတိုက်ခိုက်မှုက ဆက်ရှိနေဆဲပဲ။ ပွဲကတော့ မပြီးသေးဘူး။ ခွေးတွေ ရဟတ်ယာဉ်နဲ့ စစ်ကူတွေပို့နေတာ”လို့ ပြောပါတယ်။
တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ထိုးစစ်ကို အပြင်းအထန် ခုခံနေရတဲ့အတွက် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ Mi-17 ထောက်ပို့ရေး ရဟတ်ယာဉ်နဲ့ ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကူ (၁၀၀) လောက်ပို့ခဲ့ပြီး လေကြောင်းနဲ့လည်း အပြင်းအထန် ခုခံနေတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီသုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း ရရှိထားပြီး Non-CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
“လက်နက်တွေနဲ့ သုံ့ပန်းတွေ ရထားတာရှိတယ်။ တိုက်ပွဲစဖြစ်တဲ့ရက်ကဆို စစ်ဘက်ကပဲ ပေါင် ၅၀၀ ဗုံးကြဲတာ လျှပ်စစ်ဝန်ထမ်းအိမ်ယာကိုကျခဲ့လို့ မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်း သေသွားတယ်။ နောက်ပြီး ရဲစခန်းအနောက်ဘက်က ဝန်ထမ်းအိမ်ယာကိုလည်း လေယာဉ်ဗုံးကျလို့ Non-CDM ထွေအုပ်စာရေးနဲ့ သူ့ရဲ့သားဖြစ်တဲ့သူ သေဆုံးသွားခဲ့တယ်။ နောက်ပြီး တစ်ခြားအရပ်သား သေတာတွေလည်း ရှိတယ်။”လို့ ဆိုပါတယ်။
ပုလဲမြို့တွင်း တိုက်ပွဲကိုတော့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA၊ ကျားသစ်နက်တပ်မတော်နဲ့ Generation Z Army စတဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။