NUG အစိုးရ တီထွင်ထားတဲ့ VPN ကို စမ်းသပ်သုံးစွဲနေပြီလို့ပြော
–
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT) က ပြည်သူတွေ သုံးစွဲနိုင်အောင် VPN ကို တီထွင်ဖန်တီးခဲ့တယ်လို့ ဝန်ကြီးဦးထင်လင်းအောင်က ၎င်းရဲ့ လူမှုစာမျက်နှာမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ Meta Mask VPN ကို တီထွင်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေ လုံခြုံစိတ်ချစွာ အင်တာနက် အသုံးပြုနိုင်ရန် ရည်ရွယ်တယ်လို့လည်း MOCIT ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ပြည်သူတွေအတွက် လွတ်လပ်စွာ သတင်းအချက်အလက် ထိတွေ့ခွင့်ရရှိဖို့အတွက်ကို NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားက ပြည်သူတွေအတွက် ဆက်သွယ်ရေးနဲ့ သတင်းလွတ်လပ်ခွင့် ရရှိစေရန် ကြိုးစားခဲ့တာပါ။”လို့ ပြောပါတယ်။
လောလောဆယ်မှာတော့ Metamask Website မှာ Login ဝင်ပြီး ဒေါင်းလုပ်ယူနိုင်ကြောင်း၊ ပထမဆုံး စမ်းသပ်ကာလအနေနဲ့ အရေအတွက် ၁ ထောင်လောက်ကို စတင်သုံးစွဲနနိုင်ပြီလို့ ပြောပါတယ်။ ပြည်သူတွေကို တရားဝင် ဖွင့်ပေးတဲ့အချိန်မှာတော့ Play Store နဲ့ App Store တွေကနေ ဒေါင်းလုပ်ရယူနိုင်မှာ ဖြစ်တယ်လိုလည်း ပြောပါတယ်။
“လက်ရှိမှာတော့ ကျနော်တို့အနေနဲ့ Platform တိုင်းမှာ ကျနော်တို့ VPN App အသုံးပြုနိုင်အောင်လို့ IT team အနေနဲ့ Application Develop လုပ်နေကြပါတယ်။ အဲ့ဒါလေးပြီးသွားရင်တော့ ပြည်သူတွေလက်ထဲကို အမြန်ဆုံးပေးနိုင်သွားမှာ ဖြစ်ပါတယ်။”လို့ MOCIT ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်သူတွေ VPN ခံပြီး အွန်လိုင်းသုံးစွဲနေမှုကို စစ်ကောင်စီက လိုက်လံဖြတ်တောက်သလို VPN သုံးစွဲမှုကိုအကြောင်းပြုပြီး ငွေညှစ်တောင်းယူတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။