မိုးညှင်းမြို့၊ ကြည်နူးရိပ် KTV မှာ သောက်စားနေတဲ့ စစ်ကောင်စီ ရဲ၊ ပြည်သူ့စစ်နဲ့ စီးပွားရေးသမားတွေ ပစ်ခတ်ခံရပြီး ၉ ဦး သေဆုံး
–
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ထန်းတပင်ကျေးရွာမှာ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ လူ (၉) ဦး သေဆုံးပြီး (၂) ဦးဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့ကြောင်း သိရပါတယ်။
ထန်းတပင်ကျေးရွာက ကြည်နူးရိပ် KTV မှာ စစ်ကောင်စီ ရဲ၊ ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့အတူ သောက်စားနေတဲ့အုပ်စုကို KPDF အဖွဲ့တွေက လာရောက်ပစ်ခတ်ခဲ့တယ်လို့ မိုးညှင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဆိုင်မန်နေဂျာအပါအဝင် လူ (၇) ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ကြည်နူးရိပ် စားသောက်ဆိုင်မှာ KTV မှာ ပစ်ခတ်မှုဖြစ်တယ်။ ကြည်နူးရိပ်ဆိုင် မန်နေဂျာလည်း ပွဲချင်းပြီးသေတယ်။ လူနာတင်ကားသုံးစီးနဲ့ အလောင်းတွေကို သယ်ထုတ်သွားပါတယ်။”လို့ ပြောပါတယ်။
ဆေးရုံတင်ထားရသူ (၃) ဦးအနက် နယ်ထိန်းရဲကတော့ ဒီကနေ့မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
“၃ ယောက် ဒဏ်ရာအပြင်းအထန် ရတဲ့ထဲမှာမှ နယ်ထိန်းဆိုတဲ့ရဲက ဒီနေ့မှ ထပ်သေတာ။ ၁ ယောက်က ခြေထောက်ဖြတ်လိုက်ရပြီတဲ့။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ရှမ်းနီပြည်သူ့စစ်တွေ ပါဝင်တဲ့အပြင် ပြည်သူ့စစ်တွေနဲ့ ညှိနှိုင်းပြီး စီးပွါးရေးလုပ်ကိုင်နေတဲ့ အရပ်သားစီးပွားရေးသမားတွေလည်း ပါဝင်တယ်လို့ မိုးညှင်းမြို့က အခြားဒေသခံတစ်ဦးကလည်း ဆိုပါတယ်။
“စီးပွါးရေးသမားဆိုတော့ မြို့အကြီးအကဲတွေနဲ့ ပက်သက်တော့ ရှမ်းနီတွေနဲ့ပေါင်းပြီး ဘီယာသွားသောက်တဲ့အချိန် ပစ်သတ်ခံရတာလေ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့စစ်အဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် KPDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ KPDF ရဲဘော်ကတော့ ရဲဘော်ရန်ကြီးဖြစ်ပြီး အသက် (၂၀) နှစ်ကျော်အရွယ်ဖြစ်ကြောင်း သိရှိရပါတယ်။
စစ်အာဏာသိမ်းတဲ့ (၄) နှစ်နီးပါးကာလအတွင်း မိုးညှင်းမြို့မှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်သုံးကြိမ်ထက်မနည်းရှိခဲ့ပြီး၊ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။