မိုးညှင်းမှာ SNA တွေက ဆိုင်ကယ်နဲ့ ဆီသယ်သူတွေကို ဖမ်းဆီးငွေညှစ်နေ
–
ရှမ်းနီတပ်မတော် (SNA) က စစ်ကိုင်းတိုင်းဘက်က စက်သုံးဆီတွေကို ဆိုင်ကယ်နဲ့သယ်ယူနေတဲ့သူတွေကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ဖမ်းဆီးငွေညှစ်နေတယ်လို့ သတင်းရရှိပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်က နန့်စီးအောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာလည်း ဆီကားတွေကို ဖြတ်ခွင့်မပြုတာကြောင့် ဆီတွေကို ဆိုင်ကယ်တွေနဲ့ သယ်ယူနေကြရတယ်လို့ သိရပါတယ်။
KIA က အောက်တိုဘာ ၁၈ ရက်နေ့က ပန်ဝါမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က ကန်ပိုက်တီလမ်းကို ပိတ်လိုက်တဲ့အတွက် စက်သုံးဆီကို စစ်ကိုင်းတိုင်း၊ အင်းတော်ကနေ ဝယ်ယူသုံးစွဲနေရတာ ဖြစ်ပါတယ်။
SNA က စစ်ကိုင်းတိုင်း၊ အင်းတော်ကနေ ကချင်ပြည်နယ်ဘက်ကို ဆိုင်ကယ်နဲ့ ဆီသယ်ယူနေတဲ့သူတွေကို စစ်ကောင်စီရဲ့ လိုင်စင်မရှိကြောင်း အကြောင်းပြကာ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ စတင်ဖမ်းဆီးနေပြီး၊ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆီသယ်ယူတဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။
“မိုးညှင်းနဲ့ နန်းမားကြားမှာ ဖမ်းနေတာ။ စစ်ကောင်စီဆီမှာ လိုင်စင်မရှိသူတွေကို ဖမ်းနေတယ်လို့ သိရတယ်။ အခုမှာ ဆီသယ်တဲ့သူတွေက သူတို့ကို ပုန်းရှောင်ပြီး သွားနေရတယ်။”လို့ အမျိုးသားက ပြောပါတယ်။
SNA တပ်တွေဟာ မိုးညှင်းနဲ့ နန်းမားကြားက လမ်းပေါ်မှာ လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးမိတဲ့ ဆီသယ်ဆိုင်ကယ်တွေကို ဟိုပင် စာသင်ကျောင်းထဲမှာ သိမ်းထားပြီး တစ်စီးကို ၁ သိန်းကျပ်နဲ့ ရွေးခိုင်းနေတယ်လို့လည်း ပြောပါတယ်။
SNA တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က မိုးညှင်းမြို့ထဲမှာ အင်အား (၁၀၀) လောက်နဲ့ အင်အားပြခဲ့ပြီးနောက် အခုလိုစစ်ဆေးတာတွေနဲ့ ဖမ်းဆီးငွေညှစ်တာတွေ လုပ်လာတာပဲ ဖြစ်ပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မော်လူးမှာတော့ ပရီမီယန် တစ်ပေပါကို (၁၆) သိန်းကျပ်ထိ ဈေးပေါက်နေပြီး၊ ကချင်ပြည်နယ် မိုးကောင်းမြို့ဘက်မှာတော့ တစ်ပေပါကို (၁၉) သိန်းကျပ်ထိ ဈေးပေးနေရကြောင်း သိရပါတယ်။