ပန်ဝါမြို့နဲ့ ဝေးတဲ့ မြေရှားလုပ်ကွက်တွေ ဆက်လက်အလုပ်လုပ်နေ၊ ပန်ဝါမြို့ မီးပြန်ရ
–
ကချင်လွတ်မြောက်ရေးတပ် (KIA) သိမ်းပိုက်ထားပြီးဖြစ်တဲ့ ပန်ဝါဒေသက မြို့နဲ့ဝေးတဲ့ လုပ်ကွက်တွေမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေကတဆင့် သိရှိရပါတယ်။
တိုက်ပွဲတွေပြီးဆုံးသွားပြီးနောက် ပန်ဝါမြို့မှာ ပုံမှန်အတိုင်းလည်ပတ်နေပြီး ဆက်လက်လုပ်ကိုင်နေတဲ့ သတ္တုလုပ်ငန်းခွင်တွေလည်းရှိနေတယ်လို့ ပန်ဝါမှာအလုပ်လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
“လုပ်တော့လုပ်နေကြတာ ဟုတ်တယ်။ လူတောင်ပြန်ခေါ်နေကြတာ အခုဆိုရင်”လို့ ပြောပါတယ်။
ပန်ဝါမြို့နဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ သတ္တုတူးဖော်ရေးကို ဆက်လက်လုပ်ကိုင်နေကြပြီး မြို့နဲ့နီးတဲ့နေရာတွေမှာတော့ ရပ်နားထားတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။
“တချို့က မနားဘူး ကြားတယ်။ ပန်ဝါနဲ့ဝေးတဲ့ဆိုက်တွေမှာ လုပ်နေကြတယ် ကြားတယ်။ ပန်ဝါနဲ့နီးတဲ့ဆိုက်တွေက နားတယ်။”
KIO/KIA ဘက်ကတော့ သိမ်းပိုက်နယ်မြေထဲက သတ္တုလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာကို မတွေ့ရသေးပါ။
ပန်ဝါမြို့ကို သိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်းက တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ပိတ်ချလိုက်တဲ့အပြင် ပန်ဝါမြို့ကို ဖြန့်ဝေပေးထားတဲ့ လျှပ်စစ်ဓာတ်အားပေးလိုင်းကိုပါ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
ဂိတ်ပိတ်ထားတဲ့အတွက်ကြောင့် ဒေသတွင်းကုန်ဈေးနှုန်းမြင့်တက်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရှိရပါတယ်။
ဒါပေမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာတော့ တရုတ်ဘက်က လျှပ်စစ်ဓာတ်အားလိုင်းကို ပြန်လည်ထုတ်လွှတ် ပေးခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
မြန်မာနိုင်ငံက မြေရှာသတ္တုထုတ်လုပ်မှုပမာဏဟာ ကမ္ဘာ့မြေရှားထုတ်လုပ်မှုပမာဏရဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။