မံစီမြို့ရဲစခန်းကို သိမ်းနိုင်ပြီး စစ်တပ်စခန်း သိမ်းနိုင်ရန် လိုနေသေး
13 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီစစ်သားတွေ တပ်စွဲနေတဲ့ရဲစခန်းကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဒီကနေ့ညနေပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
မနက်ကတည်းက မြို့တွင်းတိုက်ပွဲ ဖြစ်ပွါးနေတာဖြစ်ပြီး ညနေ ၄ နာရီကျော်က ရဲစခန်းမှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကဆုတ်သွားတဲ့အတွက် သိမ်းလိုက်နိုင်တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
“မံစီရဲစခန်းတော့ ရပါပြီ။ မနက်ကတည်းက ပစ်တာ။ နားလိုက်၊ ပစ်လိုက်နဲ့ ညနေထိပဲ။”လို့ ပြောပါတယ်။
စခန်းကနေဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပြင်စစ်တပ်မှာ အင်အားသွားပူးပေါင်းတာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။
ရဲစခန်းမှာတပ်စွဲတဲ့ စခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်သူတွေရှိတယ်လို့ သိရပါတယ်။
ရဲစခန်းသိမ်းမိပေမဲ့ စစ်တပ်စခန်းကို မသိမ်းနိုင်သေးတာကြောင့် မြို့ကိုအပြီးသတ် သိမ်းလိုက်နိုင်တဲ့ အနေအထားမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
မေလ ၇ ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မံစီနဲ့ မိုးမောက်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြတာဖြစ်ပြီး နှစ်မြို့လုံးရဲ့ ရဲစခန်းတွေကို သိမ်းပိုက်ထားနိုင်ပေမဲ့ မြို့စောင့်စစ်တပ်တွေကို သိမ်းပိုက်နိုင်ရန် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။