မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှာ လူငယ်တစ်ဦး ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့
13 May 2024 – Kachinwaves
မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၂၀ နှစ်ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ ၁၁ ရက်နေ့၊ ညနေပိုင်းက တပ်ကုန်းရပ်ကွက်မှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းမှာ လူငယ်တွေ ဘောလုံးကန်နေတဲ့အချိန် သေနတ်ကိုင်ဆောင်ထားတဲ့ လူ (၄) ယောက် ရောက်လာပြီး ပစ်ခတ်သွားတာ ဖြစ်တယ်လို့ ဖြစ်စဉ်နေရာနဲ့ နီးစပ်သူထံကတစ်ဆင့် သိရှိရကြောင်း သတင်းပေးသူက ဆိုပါတယ်။
“သေနတ်ကိုင်ပြီး လူ ၄ ယောက်က ဖူဆယ်ကွင်းဘက် လာတာမြင်တော့ ဖူဆယ်ကွင်းက လူတွေကလန့်ပြီး ပြေးကြတာ။ ပြေးတော့ဟိုက ပစ်ရော။ ကံမကောင်းချင်တော့ အဲ့ကလေးက ရှပ်ထိသွားတာ။ ဆေးရုံမှာဆုံးရော”လို့ ပြောပါတယ်။
သေဆုံးသူဟာ တစ်ဦးတည်းသော သားဖြစ်ပြီး စာတော်တဲ့သူဖြစ်တယ်လို့ သူက ဆိုပါတယ်။
“အဲ့ကလေးက အင်္ဂလိကန် အသင်းတော်ကလေ။ သူတို့အသင်းတော်က ရန်ကုန်မှာကျောင်းသွားတက်ဖို့ စကောလားရှစ် ပေးထားတာလား မသိဘူး။ အဲ့ကလေးက စာတော်တယ်။ ဂုဏ်ထူး ၄ ဘာသာထွက်ထားတာ။ အဲ့တာကိုမှ ရန်ကုန်မသွားခင် မြစ်ကြီးနားမှာ လာနေတဲ့အချိန် ဖြစ်သွားတာတဲ့”လို့ ဆက်ပြောပါတယ်။
သေဆုံးသူရဲ့ အမည်ကိုတော့ ဖော်ပြခွင့် မပြုပါဘူး။ မြစ်ကြီးနားမြို့ပေါ်မှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး လက်သည်မပေါ်တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွားနေပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ထဲ ဆိုင်ကယ်စီးနင်းလာတဲ့ ဇနီးမောင်နှံနှစ်ဦး သေနတ်ပစ်ခတ်ခံရတာကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။