ကောလင်းမြို့တွင် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ရှိခဲ့သော်လည်း စကစ များအလံဖြူထောင်ပြီး ထွက်ပြေးခဲ့ရ
6 November 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်းရှိ စစ်ကောင်စီတပ်များအထိုင်ချထားသည့် နေရာသုံးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက်နေ့မှစပြီး ကောလင်းမြို့အတွင်းရှိ စစ်ကောင်စီ၏ အထိုင်နေရာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲစတင်သည့်နေ့တွင် အရှေ့ဈေးရုံဘိုတဲရပ်ကွက်ရှိ အ.ထ.က (၁) ကျောင်းဝင်းအတွင်းမှ စစ်ကောင်စီအုပ်စုကို တိုက်ခိုက်နိုင်ခဲ့ပြီး ကျော်ဇေယျာရပ်ကွက်အတွင်းရှိ စစ်ကောင်စီရဲစခန်းကိုမူ ယမန်နေ့ညတွင် အပြီးသတ်သိမ်းယူနိုင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရဲစခန်းထဲက ရဲတွေလက်နက်ချထွက်ပြေးပြီး အကျဉ်းသားတွေကျန်ခဲ့တာ။ အကျဉ်းသားတွေကိုလည်း လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ သူတို့ပြောတာရှိတယ်”
ကောလင်းရဲစခန်းကို ယမန်နေ့ညတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အချုပ်သားများကိုလည်း လွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။
အဓိက အကျဆုံးနေရာဖြစ်သည့် မြောက်အင်းရပ်ကွက်ရှိ ထွေအုပ်ရုံးကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက် ၆ နာရီတွင် အဆိုပါတပ်ဖွဲ့မှာ အလံဖြူထောင်ပြပြီး လက်နက်ချခဲ့ကြောင်း Kawlin Revolution – KR တွင်ဖော်ပြထားပြီး နီးစပ်သူမှလည်း အတည်ပြုပေးထားသည်။
ထိုတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်ကြီး နှစ်လက်အပါအဝင် လက်နက်စုစုပေါင်း ၄၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ၃ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်က ကောလင်းမြို့ကို လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး မြို့အတွင်းရှိ နေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးထိမှန်မှုတို့ကြောင့် ကောလင်းမြို့အတွင်းရှိ နေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ကြောင်း တိုက်ပွဲအတွင်း လက်နက်ကြီး၊ ငယ် ထိမှန်သေဆုံးသည့် အရပ်သားများလည်းရှိပြီး မည်မျှသေဆုံးသည်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါသည်။
ကောလင်းမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ ငါးထောင်ကျော်ရှိပြီး ၎င်းတို့အတွက် အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။