ကချင်ဘက်တက်လာသည့် စစ်ကောင်စီ ယာဥ်တန်းကို အင်းတော် PDF မိုင်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီဘက်က သေဆုံးသူရှိဟုဆို
10 May 2022-Kachinwaves
ယနေ့နံနက် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ဒဏ်ရာရသည့် စစ်ကောင်စီစစ်သားများကို နန့်စီးအောင်အနီးရှိ စာသင်ကျောင်းတွင် ဆေးကုသပေးနေပြီး အလောင်းများကိုလည်း သယ်ယူနေကြောင်း အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်သို့ ချီတက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်း ၈စီးကို ယနေ့နံနက် ၅နာရီခန့်တွင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့မှ မိုင်းဆွဲတိုက်ခဲ့ပြီး စစ်ကောင်စီ ကားတစ်စီးပျက်စီးကာ သေဆုံးဒဏ်ရာရသူများလည်း ရှိကြောင်း ပြောသည်။
အထိအခိုက်အကျအဆုံး အတိအကျကို မသိရသေးကြောင်း ဆိုသည်။
“တိုက်ပွဲတော့မဖြစ်ဘူး ကျွန်တော်တို့ မိုင်းဆွဲခဲ့တာ သူတို့က ရိက္ခာတင်ယာဉ်တန်းမဟုတ်ဘူး။ ကချင်ဘက်ကို အင်အားဖြည့်တဲ့ သဘောရှိတယ်”ဟု အင်းတော် PDF တပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
ဧပြီလ ၃၀ရက်နေ့ကလည်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်တို့နှင့် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။