စစ်ရှောင်စခန်းတွင် တပ်စွဲထားသော ကိုးကန့်(MNDAA) စစ်သားများ စစ်ရှောင်ပြည်သူများကို သေနတ်ဖြင့်ချိန်ရွယ်ကာ ဆဲဆိုကြိမ်းမောင်း
29 April 2022 – Kachinwaves
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ရှိ ဇွပ်အောင်စစ်ဘေးရှောင်စခန်းတွင် ကိုးကန့်(MNDAA)တပ် စစ်အင်အား (၁၀၀)ခန့် လာရောက် စခန်းချနေသည့်အတွက် စစ်ရှောင်စခန်းမှ ပြောင်းရွှေ့သွားရန် စစ်ရှောင်ပြည်သူများမှ ပြောဆိုရာ ကိုးကန့်စစ်သားများက သေနတ်များဖြင့်ချိန်ရွယ်ပြီး အော်ဟစ်ဆဲဆိုကြိမ်းမောင်းခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဒီမှာ မနေပေးကြနဲ့ စစ်တပ်က လက်နက်ကြီးတွေ ပစ်ထည့်မှာစိုးတယ်လို့ ကျွန်တော်တို့က သွားပြောတယ်။ သူတို့နဲ့ စကားလည်းမတူတော့ စကားပြန်နှစ်ယောက်ကို ခေါ်ပြီးသွားတဲ့အချိန် ကျွန်တော်တို့တောင် ဘာမှမပြောရသေးဘူး၊ အထဲကနေထွက်လာပြီး ဆဲဆိုအော်ဟစ်တယ်။ ပြီးတော့ သေနတ်တွေ ချိန်ပြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးများ ပစ်ခတ်၍ ဇွပ်အောင်စစ်ရှောင်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည့် အဖြစ်အပျက်လည်း ရှိခဲ့ကြောင်း သိရသည်။
ကိုးကန့်တပ်များသည် ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဇွပ်အောင်စစ်ဘေးရှောင်စခန်း၏ ဘုရားဝတ်ပြုသည့်နေရာ၊ ကျမ်းစာသင်သည့်နေရာ၊ ကလေးမူကြိုကျောင်းနှင့် စာသင်ကျောင်းများတွင် စခန်းချနေကြကြောင်း သိရသည်။
ဇွပ်အောင်စစ်ဘေးရှောင်စခန်းရှိ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကိုလည်း ကိုးကန့်တပ်သားများက သွေးဆောင်ဖျားယောင်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အသက်မပြည်သေးတဲ့ မိန်းကလေးတွေ အဲ့လိုကလေးတွေကို မုန့်တွေ ဝယ်ပေးတယ်။ ဘီယာတွေ ခေါ်တိုက်တယ်။ အဲ့လို သွေးဆောင်ဖျားယောင်းတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အသက် ၁၈နှစ် မပြည့်သေးသည့် ကလေးများကို ကိုကန့် (MNDAA)တပ်က လူသစ်စုဆောင်းနေသည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။
ယခုအချိန် ဇွပ်အောင်စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ရှောင်ပြည်သူ လူဦးရေများသည့်အပြင် ရာသီဥတုကြောင့် သောက်သုံးရေရှားပါးပြီး ခက်ခဲနေကြောင်းလည်း ဆိုသည်။ ကွက်ခိုင်မြို့ရှိ ဇွပ်အောင်စစ်ဘေးရှောင်စခန်းသည် ၂၀၁၂ ခုနှစ်ကတည်းက စစ်ရှောင်ပြည်သူများ ခိုလှုံနေသည့် စစ်ရှောင်စခန်းဖြစ်ပြီး ယခုဆိုလျှင် စစ်ရှောင်များထပ်တိုးလာ၍ လူဦးရေ ၁၀၀၀ ကျော်ခန့်နှင့် အိမ်ထောင်စု ၃၀၀ ကျော်ခိုလှုံနေသည့် စခန်းဖြစ်ကြောင်းသိရသည်။