ချီဖွေမြို့အပါအဝင် စကစ တပ်ခန်းများကို KIA နှင့် ပူးပေါင်းအဖွဲ့သိမ်းပိုက်
–
မြို့နယ်အဆင့်ရုံးစိုက်ရာ ချီဖွေမြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်ရရှိသည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ အတည်ပြုကြောင်း သိရသည်။
ချီဖွေမြို့ကို ထိန်းချုပ်ထားသည့် ချီဖွေဗျူဟာကုန်းကို ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်၌ သိမ်းပိုက်ရရှိပြီး၊ ရဲစခန်းနှင့် ကာကင်းစခန်းအချို့ကို ယမန်နေ့ကတည်းက ရရှိခဲ့ပြီးဖြစ်သည့်အတွက် ချီဖွေမြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
“မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ကာကင်းတွေလည်း သိမ်းလို့ရပြီ။ မြို့မရဲစခန်းလည်း သိမ်းလို့ရပြီ။ ပင်မစခန်းလည်း ရပြီဆိုတော့ အားလုံးအပြီးသတ် သိမ်းနိုင်တဲ့သဘောမျိုး ရှိပါတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ချီဖွေမြို့သည် ဝိုင်းမော်နှင့် ပန်ဝါမြို့ကြား အင်မိုင်ခ (မေခ) မြစ်ကမ်းနဘေး၌ တည်ရှိသည့် မြို့ဖြစ်သည်။ KIA တပ်မဟာ (၇) နှင့် တပ်မဟာ (၁) နှစ်ခုလုံးအတွက် စစ်ရေးအချက်အခြာကျသည့်အပြင် ယခုသိမ်းပိုက်လိုက်သော ချီဖွေဗျူဟာကုန်းသည် KIA ၏ တပ်ရင်းများကို အနှောင့်အယှက်ပေးနေသဖြင့် အရေးကြီးနေရာတစ်ခုဖြစ်ကြောင်း ဆက်ပြောပါသည်။
ထို့အပြင် ချီဖွေမြို့ စစ်ကောင်စီတပ်စခန်းများနှင့် တစ်ချိန်တည်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဝိုင်းမော်မြို့နှင့် ချီဖွေမြို့ကြားရှိ ရှငေါ်ပင်မစခန်း၊ ကာကင်းစခန်းနှင့် လက်နက်ကြီးကုန်းများကိုလည်း ယနေ့မွန်းတည့် ၁၂ နာရီအချိန်၌ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံကတစ်ဆင့် သိရှိရသည်။