ကောလင်းအနောက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ဒဏ်ရာရ
–
ကောလင်း အနောက်ခြမ်းဘက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် တကောင်းအိုင်ရွာက ကလေးငယ်တစ်ဦး ခြေတောက်အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က စက်တင်ဘာ ၂၉ ရက်နေ့မှာ ကန့်ဘလူ ၆၀၀၆ တက် Mi-35 တိုက်ခိုက်ရေးယာဉ်တစ်စီးနဲ့ ၁၂ နာရီခွဲလောက်မှာ (၆) ကြိမ်၊ ဟုမ္မလင်းမှတက်တဲ့ Mi-2 ရဟတ်ယာဉ်နဲ့ (၂) ကြိမ် စုစုပေါင်း (၈) ကြိမ် ကြဲချသွားခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ လေယာဉ်ဗုံးတွေဟာ တကောင်းအိုင်ရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲ့ဒီရွာက အသက် (၁၀) နှစ်အောက် ကလေးငယ်တစ်ဦး ခြေတောက်ပြင်းထန် ဒဏ်ရာရှိခဲ့ပြီး အမျိုးသားတစ်ဦးလည်း ထိခိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။
“ကောလင်း တကောင်းအိုင် လေယဥ်ပစ်ခတ်မှုက ကလေးတယောက်ခြေထောက် ဖြတ်ရနိုင်ဖွယ်ရှိတယ်။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကောလင်းအရှေ့ခြမ်း ရွာသစ်ကျေးရွာကို မနေ့က စက်တင်ဘာ ၂၉ ရက် ည ၁၀ နာရီလောက်က လေကြောင်းနဲ့ ထပ်မံပစ်ခတ်ခဲ့သေးကြောင်း သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာလည်း ရွာသစ်ကျေးရွာက နေအိမ် (၁၀) လုံး ပျက်စီးပြီး နွား (၃) ကောင်နဲ့ ဝက် (၆) ကောင် သေဆုံးခဲ့ပြီး ပြည်သူ (၇) ဦး ထိခိုက်ခဲ့သေးတယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်က ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဘက်က ကျွန်းလှအရှေ့ခြမ်း၊ ကန့်ဘလူဘက်နဲ့ ကောလင်းအနောက်ခြမ်းဘက်ကို လေကြောင်းတိုက်ခိုက်မှု ဆက်လက် ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။