ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းက ဇူလိုင်လအတွင်း တွေ့ရှိခဲ့ရသော ထူးခြားချက်များ
–
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကချင်ပြည်နယ်တွင် အများပြည်သူအပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်စေသည့် အကြောင်းအရာ (၂) ခု ရှိခဲ့သည့်အပြင် စစ်ရေးအခြေအနေလည်း ပြင်းထန်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) ပြင်းထန်ခဲ့ပြီး၊ လွတ်မြောက်နယ်မြေဖြစ်သည့် သိန္နီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထို့အပြင် လားရှိုးမြို့တွင် မြေမြှုပ်မိုင်း ဆော့ကစားခဲ့သည့် ကလေး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
▪︎ ကချင်ပြည်နယ်
ကချင်ပြည်နယ်အတွင်း အများပြည်သူအပေါ် သက်ရောက်မှုကြီးမားခဲ့သည့် ပထမအချက်မှာ ဧရာဝတီမြစ်ရေကြီးမှု ပြဿနာ ဖြစ်သည်။ ဇွန်လ ၃၀ ရက်နေ့မှစပြီး မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့ကာ ဇူလိုင် ၁ ရက်နေ့ညတွင် စိုးရိမ်ရေမှတ်အထက် ခြောက်ပေကျော်အထိ ရောက်ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် မြို့ကြီးများဖြစ်သည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့များ အပါအဝင် နေရာအနှံ့ မိုးသည်းရေကြီးရေလျှံဖြစ်မှုကြောင့် မြစ်ကြီးနားမြို့အတွင်း အမျိုးသားလူသေအလောင်း (၅) လောင်း တွေ့ရှိခဲ့ပြီး၊ မြေရှားသတ္တု ကျယ်ကျယ်ပြန့်ပြန့် တူးဖော်နေသည့် ပန်ဝါမြို့၌ မြေပြိုမှုဖြစ်ကာ ရွှေ့ပြောင်းအလုပ်သမား (၇) ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် မြစ်ချောင်းတစ်လျှောက်ရှိ လူနေအိမ်ရာနှင့်ချီ ပျက်စီးခဲ့ရကြောင်း သတင်းမီဒီယာဖော်ပြချက်များအရ သိရသည်။ ဧရာဝတီမြစ်ရေကြီးမှုကြောင့် အစောဆုံးဒုက္ခရောက် ရွှေ့ပြောင်းခဲ့ရသူများထဲ ဝိုင်းမော်မြို့ စစ်ရှောင်ပြည်သူများ ပါဝင်ခဲ့သည်။
ကချင်ပြည်နယ်တစ်ခုလုံးတွင် ဇူလိုင်လ (၂၁) ရက်နေ့မှစပြီး အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်သွားသည့် ပြဿနာကို ကြုံနေရဆဲဖြစ်သည်။ အဆိုပါ အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်သွားသည့် ပြဿနာသည် ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများအပေါ် သက်ရောက်မှုများစေသည့်အပြင် မလုံခြုံသည့် စိုးရိမ်ပူပန်မှုများကိုလည်း ပိုမိုခံစားရစေသည်။
ရပ်နီးရပ်ဝေး မိသားစုဆွေမျိုး အချင်းချင်းကြား သတင်းစကားမျှဝေ ဖလှယ်ခြင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးပွားရောင်းဝယ်ရေး သတင်းအချက် ဖလှယ်ခြင်း၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းခွင်အမျိုးမျိုး လည်ပတ်နိုင်ရေးအတွက် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေသည်။ ထို့အပြင် ပြည်သူလူထု၏ သတင်းရယူစားသုံးခွင့် အကြီးအကျယ် ထိခိုက်ခံနေရဆဲဖြစ်သည်။ ထို့သို့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည့်အပြင် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ၍ လမ်းကြောပိတ်ဆို့မှုရှိနေသောကြောင့် ကချင်ပြည်နယ်သို့ ကုန်စည်ဝင်ရောက်မှုလည်း ပြတ်တောက်လာကာ ကုန်စည်ရှားပါးလာမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု ပြဿနာများကို ပြည်သူအများ သိသိသာသာ ကြုံတွေ့နေရသည်။
ယခုလို ပြဿနာများနှင့်အတူ စစ်ရေးနှင့် ဆက်နွယ်နေသည့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှုများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။
✺ ကချင်ပြည်နယ် (သေဆုံးသူ အရေအတွက်)
သေဆုံးခဲ့ရသူ အရပ်သားများနှင့် ၎င်းတို့သေဆုံးခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ – ၁ ဦး
▪︎ သတ်ဖြတ်ခံရသူ – ၂ ဦး
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူမှာ ဗန်းမော်မြို့ နန့်ဖားကျေးရွာမှ အသက် (၂၀) နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ယခုဖြစ်စဉ်သည် ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ ခမရ (၄၃၇) စခန်းသိမ်းတိုက်ပွဲ စတင်ခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဗန်းမော် အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲပြင်းထန်နေသော ဗန်းမော်နှင့် မိုးမောက်မြို့တွင် အရပ်သားများ ထိခိုက်နစ်နာမှု သည်ထက်မက ရှိနိုင်သော်လည်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် သတင်းအချက်အလက်ရရှိနိုင်ရန် ခက်ခဲနေသည့် အခြေအနေ ဖြစ်ပါသည်။
သတ်ဖြတ်ခံရသူ (၂) ဦး၏ အလောင်းကိုမူ ဇူလိုင် ၁၁ ရက်နေ့၌ ဝိုင်းမော်မြို့ ရပ်ကွက် (၁) ရှိပန်းခြံအနီးနှင့် ရပ်ကွက် (၃) လမ်းမပေါ်တွင် တွေ့ရှိခဲ့ပြီး၊ အလောင်းပေါ်တွင် Shan Ni Judiciary (ရှမ်းနီတရားစီရင်ရေးအဖွဲ့) ဟု ရေးထားသော ကတ်ပြားကိုလည်း တွေ့ရှိရကြောင်း သတင်းဓါတ်ပုံများအရ သိရသည်။
✺ ကချင်ပြည်နယ် (ထိခိုက် ဒဏ်ရာရရှိမှု နှင့် ပျက်စီးမှုများ)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။
▪︎ အရပ်သားများ ဖမ်းဆီးခံရမှု – ၃ ဦး
ဖမ်းဆီးခံရသူများမှာ မိုးကောင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မိသားစုဝင်နှစ်ဦးနှင့် ဝိုင်းမော်မြို့မှ သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ပါး ဖြစ်သည်။
မိုးကောင်းမြို့မှ NLD အစိုးရလက်ထက်တွင် မန်ရွက်ကျေးရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ ဦးကျော်အုန်း၏ဇနီး ဒေါ်အုန်းသောင်း နှင့် NLD ပါတီဝင်ဖြစ်သည့် ဦးမျိုးမင်းသိန်း၏သမီးတို့ကို ဇူလိုင် ၁၁ ရက်နေ့ညတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဝိုင်းမော်မြို့မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ပါးဖြစ်သည့် မဒိန်ခေါဘောမ်ကို ဇူလိုင် ၁၇ ရက်နေ့တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့သည်။ ဝိုင်းမော်မြို့ ဝူယန်ပြည်သူ့စစ်များက ဘက်ဟိုးဖြင့် ကတုတ်ကျင်းတူးဖော်နေသည့် ဗီဒီယိုဖိုင်ကိုရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့သူအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အခြားဖမ်းဆီးမှုသတင်းမှာ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ပြည်သူ့စစ်အဖွဲ့က စစ်သင်တန်းပေးဖို့ လူသစ်စုဆောင်း ဖမ်းဆီးနေသည့် သတင်းဖြစ်သည်။ ယခုသတင်းသည် အင်းတော်ကြီးဒေသမှ ဝှေလုံ၊ ချောင်းဝနှင့် ညောင်ပင်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့၏ ပူးပေါင်းတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
▪︎ ရှမ်းပြည်နယ် မြောက်ပိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇွန်လ ၂၅ ရက်နေ့မှစပြီး ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) ဖြစ်ပွားလာကာ ဇူလိုင်လအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ရုံးစိုက်ရာ လားရှိုးမြို့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုသို့ တိုက်ပွဲပြင်းထန်နေချိန်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ၁၀၂၇ စစ်ဆင်ရေး (ပထမပိုင်း) အတွင်း သိမ်းပိုက်ခဲ့သော သိန္နီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ၎င်းလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူတစ်ဦးမှာ အသက် (၃) နှစ်နှင့် ၂ လ သားအရွယ်ကလေးငယ် ဖြစ်သည်။
ထို့အပြင် ဇူလိုင်လ ၂၀ ရက်နေ့တွင် လားရှိုးမြို့တွင် ရေချိုးသွားသည့် လမ်းသွယ်လေး၌ စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကို ကလေးတစ်ဦးကတွေ့မိပြီး ဖြုတ်ယူလာကာ သူငယ်ချင်းများအား ပြသနေစဉ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် ၎င်း၏သူငယ်ချင်း (၃) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“၂၃ လုံးတောင် ဖြုတ်လာခဲ့ပြီးတော့ သူ့အဖေတို့အလုပ်လုပ်တဲ့ နေရာက အလုပ်သမားတွေနားတဲ့နေရာမှာ မိုင်းကိုဖြုတ်ထားတာလို့ ပြောတယ်။ သူဖြုတ်လာတဲ့ မိုင်းထဲက သေးသေးတစ်ခုကို သူကလက်နဲ့ ရိုက်ကြည့်တာမကွဲတော့ သူ့သူငယ်ချင်းတွေ ကျောင်းကပြန်လာတော့ ဒီမှာလာကြည့် ပြမယ်ဆိုပြီး ရိုက်ပြတာ၊ အဲ့မိုင်းက ပေါက်ကွဲသွားတာ၊ လာကြည့်တဲ့သူ သုံးယောက်၊ သူတို့ (၄) ယောက် ဒဏ်ရာရသွားတာ။”ဟု မိခင်တစ်ဦးက ပြောပြသည်။
အခြားဖြစ်စဉ်တစ်ခုမှာ ကွတ်ခိုင်မြို့မှ ယာဉ်မောင်းတစ်ဦးကို MNDAA (ကိုးကန့်) စစ်သားက လက်လွတ်စပယ် ပစ်ခတ်သောကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်းခဲ့သည့် ကိစ္စဖြစ်သည်။
✺ ရှမ်းပြည်နယ်မြောက်ပိုင်း (သေဆုံးသူအရေအတွက်)
သေဆုံးခဲ့ရသူ အရပ်သားများနှင့် ၎င်းတို့သေဆုံးခဲ့ရသော အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ – ၂ ဦး
✺ ရှမ်းပြည်နယ် မြောက်ပိုင်း (ထိခိုက်၊ ပျက်စီးမှု အရေအတွက်)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ – ၅ ဦး
▪︎ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံရသူ – ၄ ဦး
▪︎ လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် ထိခိုက်ခံရသူ – ၁ ဦး
ယခုဖော်ပြထားသော လူ့အခွင့်အရေး အခြေအနေ တင်ပြချက်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းများကို တင်ပြနေသည့် သတင်းမီဒီယာအချို့၏ သတင်းဖော်ပြချက်များနှင့် မြေပြင်သတင်းအချက်အလက် စုဆောင်းမှုများကို အခြေခံ၍ ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါသည်။