စစ်ကောင်စီတပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးပျက်စီးမှု ပထမဆုံး တွေ့ရှိရပြီး၊ ထိလွယ်ရှလွယ် လူမျိုးရေး သွေးထိုးမှုဖြစ်စေနိုင်သော လူသေအလောင်း တွေ့ရှိခဲ့သည့်လ
–
ဇွန်လအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် ဆက်နွယ်နေသည့် လူ့အခွင့်အရေး ထိခိုက်နစ်နာမှု အချက်အလက်များကို ဆန်းစစ်ကြည့်သည့်အခါ အဓိက ထူးခြားချက် (၂) ခု တွေ့ရှိရသည်။
ပထမတစ်ခုမှာ ယခင်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ပစ်ခတ်လေ့ရှိသော စစ်ကောင်စီတပ်သည် ယခုအခါ ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်သည်ကို တွေ့လာရသည်။ Kachin Waves ၏ စောင့်ကြည့်တွေ့ရှိချက်အရ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်စဉ်များကို ဇွန်လအတွင်း ပထမဆုံး တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့နယ် နမ့်ဝါရွာအနီးရှိ ရာဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် နမ့်ဝါဘုန်းကြီးကျောင်း၏ အဆောက်အအုံအချို့နှင့် လမြန်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။
ဒုတိယတစ်ခုမှာ ဇွန်လ ၂၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ အေးစေတီနှင့် ရာဒါကောင့်ရပ်ကွက်၌ တွေ့ရှိခဲ့ရသော လက်သည်မပေါ်သည့် လူသေအလောင်းနှစ်လောင်း တွေ့ရှိမှုဖြစ်သည်။ အမျိုးသား ၂ ဦးသည် လည်ပင်းလှီးဖြတ် ဒဏ်ရာများနှင့် ပုဆိုးတစ်ထည်တည်းမှ အဝတ်စများဖြင့် လက်များကို ကြိုးတုပ်ခံထားရပြီး သေဆုံးနေသည့် အလောင်းဖြစ်သည်။ ထို့အပြင် Shan Ni Judiciary – SNJ ဟုရေးထားသည့် ကဒ်ပြားတစ်ခုစီကိုလည်း အလောင်းလက်ကြား၌ ညှပ်ထားခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။ ယခုလို ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေးသွေးထိုးမှု သံသယအမုန်းပွားစေသည့် လုပ်ရပ်တစ်ခုဖြစ်၍ သတိထားရမည့်အချက် ဖြစ်သည်။
အလားတူ ဖြစ်စဉ်အတိုင်း သေဆုံးနေသည့် ရုပ်အလောင်းနှစ်လောင်းကို ဇူလိုင် ၁၅ ရက်နေ့တွင်လည်း ဝိုင်းမော်မြို့တွင် ထပ်မံတွေ့ရှိခဲ့သည်။
Shan Ni Area Judiciary အမည်ဖြင့် ဖွင့်ထားသော Facebook page က အဆိုပါ ဝိုင်းမော်ဖြစ်စဉ်သည် ၎င်းတို့ SNAJ သျှမ်းနီဒေသတရားစီရင်ရေးအဖွဲ့နှင့် လုံးဝ မသက်ဆိုင်ကြောင်း ပို့စ် (post) တင်ထားသည်။
“မကြာသေးမီကာလက သျှမ်းနီနှင့် ကချင်အရပ်ဖက်အဖွဲ့များစုစည်း၍ သျှမ်းနီနှင့် ကချင်အမျိုးသားများ ကြည်ဖြူညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက်ပိုင်း ကျွန်ုပ်တို့အဖွဲ့အနေဖြင့် မည်သည့်အမှုကိစ္စကိုမှ မပြုလုပ်ခဲ့ပါ။ ထိုသို့ဖွဲ့စည်းခဲ့ကြသော အရပ်ဖက်လူကြီးတွေကိုသာ ယုံကြည်ပြီး တိတ်ဆိတ်စွာ နေပေးထားပါသည်။ ထို့ကြောင့် ယခုပုံပါ အဖြစ်အပျက်များသည် အချို့သောသူများက သျှမ်းနီနှင့် ကချင်လူမျိုးများ ပဋိပက္ခဖြစ်လာစေရန် (သို့မဟုတ်) ကျွန်ုပ်တို့အဖွဲ့အား ပုံရိပ်ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်နေကြကြောင်း အသိပေးလိုက်ရပါသည်။”ဟု တုံ့ပြန်ထားသည်ကို တွေ့ရသည်။
အထက်အပါ အကြောင်းအရာများသည် ဇွန်လအတွင်း တွေ့ရှိခဲ့ရသည့် ထူးခြားချက်အချို့ဖြစ်ပြီး အောက်ပါ အချက်အလက်များလည်း တစ်လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ခဲ့ရသော တိုက်ပွဲနောက်ဆက်တွဲ အရပ်သားပြည်သူများ၏ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုများ ဖြစ်ပါသည်။
▪︎ ကချင်ပြည်နယ် (သေဆုံးသူ အရေအတွက်)
သေဆုံးခဲ့ရသူ အရပ်သားများနှင့် ၎င်းတို့သေဆုံးခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ – ၁ ဦး
▪︎ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ – ၄ ဦး
▪︎ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ – ၁ ဦး
▪︎ သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသူ – ၃ ဦး
▪︎ သတ်ဖြတ်ခံရသူ – ၂ ဦး
▪︎ ကချင်ပြည်နယ် (ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုများ)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပစ္စည်းဥစ္စာပျက်စီးမှု ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရသည်။
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံရသူ – ၆ ဦး
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခံရသူ – ၁၇ ဦး
▪︎ တိုက်ပွဲတွင်း ပစ်ခတ်မှုများကြောင့် ထိိခုက်ခံရသူ – ၉ ဦး
▪︎ မြေမြုပ်မိုင်းနင်းမိ၍ ထိိခုက်ခံရသူ – ၁ ဦး
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထိိခုက်မှုဖြစ်စဉ် – ၃ ခု
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံထိခိုက်မှုဖြစ်စဉ် – ၁ ခု
▪︎ လေကြောင်းတိုက်ခိုက်မှုကြောင့် တံတားထိခိုက်ပျက်စီးမှုဖြစ်စဉ် – ၂ ခု
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထိခိုက်မှုဖြစ်စဉ် – ၂ ခု
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘာသာရေး အဆောက်အအုံ ထိခိုက်မှုဖြစ်စဉ် – ၂ ခု
▪︎ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပစ္စည်းဥစ္စာ ထိခိုက်မှုဖြစ်စဉ် – ၁ ခု
▪︎ ဒရုန်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အအုံ ထိခိုက်မှုဖြစ်စဉ် – ၃ ခု
▪︎ တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် နေအိမ်ထိခိုက်မှုဖြစ်စဉ် – ၂ ခု
▪︎ လူသားဒိုင်းအဖြစ် အသုံးချသည်ဟု စွပ်စွဲခံရသည့် ဖြစ်စဉ် – ၂ ခု
▪︎ အရပ်သား ဖမ်းဆီးခံရသူ – ၃၃ ဦး
မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် စစ်ကောင်စီ၏ ရှောင်တခင်စစ်ဆေးမှုကို အစစ်မခံဘဲ ထွက်ပြေးခဲ့သည့် လူငယ် (၃) ဦး သေနတ်ဖြင့် လိုက်ပစ်ခံခဲ့ရသည်။ ထို့အပြင် မြစ်ကြီးနားမြို့တွင် သတ်ဖြတ်ခံရပြီး စွန့်ပစ်ထားသည့် လူငယ်နှစ်ဦး၏ အလောင်းကို အေးစေတီနှင့် ရာဒါကောင့်ရပ်ကွက်တွင် တွေ့ခဲ့ရသည်။ ၎င်းရုပ်အလောင်းနှင့်အတူ Shan Ni Judiciary – SNJ (ရှမ်းနီးတရားစီရင်ရေး)ဟု ရေးထားသော စရွက်ကိုလည်း တွေ့ရှိခဲ့ရသည်။
ထို့ပြင် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ်ကျေးရွာရှိ နေအိမ်များ (လက်နက်ကြီးနဲ့ ဒရုန်းများဖြင့်) ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့ ဖျက်ဆီးခံရသည့်အထဲ ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း အဆောက်အအုံများလည်း ပါဝင်ခဲ့သည်။
စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် မြစ်ကြီးနား – ဗန်းမော် ကားလမ်းကြောရှိ တံတား ၂ စင်းကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲဖျက်ဆီးခဲ့ပါသည်။
အလားတူ ဝိုင်းမော်မြို့တွင် မြစ်ကြီးနားမြို့ စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သား (၃) ဦး သေဆုံးခဲ့ရပြီး (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
မံစီမြို့သိမ်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မံစီမြို့နှင့်အစပ် ဗန်းမော်မြို့နယ်ထဲက ကမ္ဘနီကျေးရွာမှ အရပ်သား (၉) ဦး လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် မိုးမောက်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ် အများအပြား ပျက်စီးခဲ့ရပြီ ဖြစ်သည်။
ရွှေကူမြို့နယ်ရှိ တိုက်နယ်ဆေးရုံကို လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အသက် (၇) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရပြီး၊ ဆေးရုံဝန်ထမ်းနှင့် ပြည်သူ (၆) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံလည်း ပျက်စီးခဲ့ရသည်။
ဖားကန့်မြို့နယ်ရှိ ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိုင်းတောင်ကျေးရွာမှ အရပ်သား (၁) ဦး သေဆုံးခဲ့ရကာ (၈) ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သလို အရပ်သားနေအိမ်နှင့် ကုန်စုံဆိုင်လည်း ပျက်စီးခဲ့ရသည်။
ထို့ပြင် ဇွန် ၂၆ ရက်နေ့တွင်လည်း ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားများကို လူသားဒိုင်းအဖြစ်အသုံးချရန် ဖမ်းဆီးထားခဲ့သည့်သတင်းလည်း တွေ့ရသည်။
KIA နှင့် ပူးပေါင်းတပ်တို့က အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း (၃) ခုအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် နန့်မွန်းကျေးရွာ KBC ဘုရားကျောင်း၌ တပ်စွဲကာ ပြည်သူများကိုလည်း ရွာမှတိမ်းရှောင်ခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် အသုံးပြုရန် ပိတ်ပင်ထားသည့် သတင်းကိုလည်း တွေ့ရသည်။
မိုးကောင်းမြို့နယ်မှာတော့ ဆားမှော်ကျေးရွာမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်အနီးတွင် မှိုရှာထွက်ခဲ့စဉ် မြေမြုပ်မိုင်းနင်းမိသဖြင့် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကို ည (၁၀) နာရီအထိ သတ်မှတ်ပြီးနောက် အချိန်လွန်သွားလာသည့် ပြည်သူများနှင့် ဧည့်စာရင်းမတိုင်သည့် ကိစ္စများကြောင့် ဖမ်းဆီးခံခဲ့ရသူ (၃၀) ဝန်းကျင်ရှိခဲ့ပြီး ငွေပေးရွေးယူခဲ့ရသော ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း တွေ့ရသည်။
ရှမ်းပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း (ရှမ်းမန်းစစ်ဆင်ရေး) စတင်ခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များကို အောက်ပါအတိုင်း တွေ့ရှိရသည်။
▪︎ ရှမ်းပြည်နယ် မြောက်ပိုင်း (ထိခိုက်၊ ပျက်စီးမှု အရေအတွက်)
အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပစ္စည်းဥစ္စာပျက်စီးမှု ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တွေ့ရှိရသည်။
▪︎ အရပ်သား ဖမ်းဆီးခံရသူ – ၁ ဦး
▪︎ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ခံရသူ – ၅ ဦး