အင်းတော်စစ်တပ်ဂိတ်တွင် မြစ်ကြီးနားမှ ဆင်းလာသည့် Express ကားပေါ်က အမျိုးသမီး၂ ဦးဖမ်းဆီးခံရ
7 June 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ယနေ့ ဇွန်လ ၇ ရက် ညနေ ၄ နာရီခန့်က ခရီးသည်ကားနှင့်လိုက်လာသည့်အမျိုးသမီး၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကားပေါ်လိုက်ပါလာသူ အမျိုးသားတစ်ဦးထံမှ သိရသည်။
အင်းတော်မြို့ ပညာရေးမှူးရုံးရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ဖုန်းနှင့် မှတ်ပုံတင်များကို စစ်ဆေးရာ မသင်္ကာစရာ ဓာတ်ပုံများတွေ့သည်ဟုဆိုကာ ခရီးသည်ကားမှာ လိုက်ပါလာသူအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခဲ့ေကြာင်း မျက်မြင် အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ရောက်လာတော့ အမျိုးသမီး၂ ဦးကိုက ဖမ်းထားပြီး တစ်ယောက်က ထိုင်ငိုနေတာပေါ့။ ဖုန်းထဲမှာ သူတို့ (စကစ) နဲ့ မလွတ်ကင်းတဲ့ဟာတွေ တွေ့တယ်လို့ပြောတယ်။ ပြီးတော့ သူတို့စစ်တပ်ကုန်းဘက်ကိုခေါ်သွားတယ်။ တအောင့်လေးနေတော့ ဖိုးဝီး အချုပ်ကားလေးနဲ့ နောက်ခန်းကနေတင်ပြီး ရဲစခန်းဘက်ကို ခေါ်သွားတယ်။”ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးခံလိုက်ရသည့် အမျိုးသမီး၂ ဦးမှာ အသက် ၃၀ နှစ်ဝန်းကျင်နှင့် ၂၅ နှစ်အောက် ဝန်းကျင်ရှိကြောင်းသိရပြီး မြစ်ကြီးနားမှ Express ကားဖြင့် လိုက်ပါလာသူများဖြစ်ေကြာင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းကိုေတာ့ မသိရှိရကြောင်း ပြောပါသည်။
ထို့ပြင် ယနေ့ ဇွန်လ ၇ ရက် နံနက် ၈ နာရီဝန်းကျင်တွင်လည်း မြို့ထဲမီးပွိုင့်မှာ စစ်ကောင်စီတပ်များ စစ်ဆေးနေစဉ် ဆိုင်ကယ်စီးလာသူ အမျိုးသား ၃ ဦး ဖမ်းဆီးခံခဲ့ရသည်ဟုလည်း နောက်ထပ် အင်းတော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မီးပွိုင့်ရှိတဲ့ ဗန်းမောက်လမ်းဆုံမှာပေါ့၊ စခတွေက စစ်ဆေးနေတာ ပထမက အမျိုးသားနှစ်ယောက်တွဲစီးလာတာ အရင်ဖမ်းမိတာ။ နောက်ထပ် သူတို့နဲ့မသိမ်းမယိမ်းအချိန်မှာပဲ နောက်တစ်ယောက် ထပ်ဖမ်းမိတာ။ အားလုံးပေါင်း ၃ ယောက်ပေါ့။”ဟု ဆိုသည်။
ဖမ်းဆီးခံရသူများမှာ အသက်၂၀ နှစ်ဝန်းကျင်သာရှိကြောင်းနှင့် ကသာမြို့နယ် ရေရိုးဘက်က လာသည့်သူများဖြစ်ကြောင်းလည်းပြောသည်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း အင်းတော်မြို့ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများ ဖမ်းဆီးခံရမှု များနေကြောင်း မြို့ခံ ပြည်သူများထံမှ သိရသည်။