CDM ဝန်ထမ်းများနှင့် ပြည်သူလူထုကို အနှောက်အယှက်ပေး၊ ဖမ်းဆီးနေသည့် နောင်မွန်မြို့ မဂွေဇဂိတ်က စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးမှူးများကို ပူတာအို PDF အဖွဲ့မှ သတိပေး
2 February 2022-Kachinwaves
ပြည်သူလူထုနှင့် CDM ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ရန် နောင်မွန်မြို့ အဝင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့၏ ပူးပေါင်းဂိတ်ဖြစ်သည့် မဂွေဇဂိတ်စောင့် တပ်သားများနှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူးများကို ပူတာအို PDF မှ ယနေ့ သတိပေးစာထုတ်ပြန်လိုက်သည်။
မဂွေဇဂိတ်က စစ်ကောင်စီစစ်သားများနှင့် ပြည်သူ့စစ်များ အမြန်လက်နက်ချပြီး ပြည်သူ့ဘက် ပူးပေါင်းပါဝင်ပေးပါရန်နှင့် နောင်မွန်မြို့နယ် စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးမှူး နမ်ရဲမင်နှင့် ချန်တန်ခင်တို့ကိုလည်း ပြည်သူလူထုကို စိတ်အနှောက်အယှက်ဖြစ်စေသည့် ကိစ္စရပ်များ၊ CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်းများ (လုံးဝ၊ လုံးဝ) မပြုလုပ်ရန် သတိပေးထုတ်ပြန်ချက်၌ ပါရှိသည်။
ထုတ်ပြန်ပြီးနောက် (၃)ရက်စောင့်ကြည့်မည်ဖြစ်ပြီး သတိပေးထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စရပ်များသည် လိုက်နာခြင်းမရှိသည့် ကာယကံရှင်များနှင့်သာ သက်ဆိုင်ကြောင်း သတိပေးထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပူတာအို PDF နှင့် ကေအိုင်အေတို့ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။