လေကြောင်းအားကိုး ခုခံနေတဲ့ စစ်ကောင်စီ ဗန်းမော်နဲ့ ဝိုင်းမော်မြို့ကို ဆက်ထိန်းထားနိုင်ပါ့မလား
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
KIA ဟာ သမိုင်းဝင် ထိုးစစ်ကြီးတစ်ခုအဖြစ် တပြည်လုံးအတိုင်းအတာနဲ့ ထိုးစစ်ဆင် စစ်ဆင်ရေးကို ဒီ ၂၀၂၄ မတ် ၇ ရက်နေ့က ဝိုင်းမော်နဲ့ မိုးမောက်နယ်ထဲမှာ စတင်ခဲ့ပြီး၊ ပူးပေါင်းအဖွဲ့တွေနဲ့အတူ အင်အားအလုံးအရင်းနဲ့ စခန်းသိမ်းထိုးစစ်ဆင်ခဲ့တာ အခုဆိုရင် (၈) လနီးပါးရှိလာပါပြီ။ ဒီကာလတွေအတွင်း ဗန်းမော် အခြေစိုက် စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) (၂၁) ရဲ့ ကာကင်းတပ်ရင်းကြီးဖြစ်တဲ့ မိုးမောက် ခမရ (၄၃၇) စခန်းကို ဩဂုတ်လတုန်းက ရရှိခဲ့တဲ့အပြင် မိုးမောက်နဲ့ ဝိုင်းမော်မြို့နယ်ထဲက မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်လာခဲ့တာ အခုဆိုရင် ဝိုင်းမော်မြို့ရဲ့ ရဲစခန်းနဲ့ မြို့စောင့်တပ် ခလရ (၅၈) တပ်ရင်းနဲ့ ပြည်သူ့စစ် စခန်းအချို့ပဲ ကျန်ရှိတော့တဲ့ အခြေအနေအထိ ရောက်လာပါပြီ။
ဒီအောက်တိုဘာလအတွင်းမှာတော့ ဝိုင်းမော်အထက်ဘက်မှာတည်ရှိတဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) အတွင်းက နာမည်ကျော်မြေရှားသတ္တုတွေထွက်ရှိပြီး နာမည်ကြီးဒေသဖြစ်တဲ့ ပန်ဝါမြို့၊ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ရင်းနဲ့ တရုတ် – မြန်မာနယ်စပ်မြို့ငယ် ကန်ပိုင်တည်မြို့အနီးက အမှတ် (၁၀၀၃) နယ်ခြားစောင့် တပ်ရင်းစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ချီဖွေနဲ့ ဆော့လော်ဒေသတွေကိုပါ ထိန်းချုပ်ပြီး လက်ရှိမှာ ကချင်အထူးဒေသ (၁) နယ်မြေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို KIA က ထိန်းချုပ်ထားနိုင်တဲ့ အနေအထား တွေ့ရပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အခြေစိုက်တဲ့ မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်ပဲခြားတဲ့ ဝိုင်းမော်မြို့နယ်ဟာ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့နဲ့ မိုင် (၅၀) ဝန်းကျင်ပဲ ဝေးတဲ့အပြင် လက်ရှိမှာလည်း ဝိုင်းမော် – လိုင်ဇာ လမ်းကြောပေါ်က ဝိုင်းမော်ကို အကာအကွယ်ပေးထားတဲ့ ရွှေညောင်ပင် ခမရ (၃၂၁) ရှေ့တန်းစခန်းကြီးကိုလည်း စစ်ကောင်စီ လက်လွှတ်ထားရတာ ဒီ ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့ ကတည်းက ဖြစ်ပါတယ်။
ဝိုင်းမော်မှာ ကျန်ရှိနေတဲ့ ခလရ (၅၈) တပ်ရင်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ရှေ့တန်းကာကင်း တပ်ရင်းစခန်းဖြစ်သလို ကချင်အထူးဒေသ (၁) က နယ်ခြားစောင့်တပ်ရင်းတွေနဲ့ ပြည်သူ့စစ်တွေအတွက် ကျောထောက်နောက်ခံ ကာကွယ်ပေးနေတဲ့ အဓိကတပ်ရင်းစခန်းလည်း ဖြစ်လို့နေပါတယ်။ တစ်ခုတည်းအဖြစ် ကျန်ရှိနေတဲ့ အဆိုပါ (၅၈) တပ်ရင်းနဲ့ ဝိုင်းမော်မြို့ဟာလည်း အနောက်ဘက် ဧရာဝတီမြစ်ခြားထားတဲ့ မြစ်ကြီးနားမြို့ကလွဲရင် ကျန်တဲ့မျက်နှာတွေမှာ KIA စိုးမိုးထားတဲ့နယ်မြေတွေနဲ့ ထိစပ်နေပြီဖြစ်ပါတယ်။
ကြည်းတပ်စစ်ကြောင်းတွေ ကျရှုံးနေပြီး နယ်မြေတွေကျုံ့လာနေတဲ့ စစ်ကောင်စီတပ်ဟာ လေတပ်ကို အားကိုးစရာအဖြစ် အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေရာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလာတာကို စက်တင်ဘာလကုန် အောက်တိုဘာလပိုင်းမှာ ပိုမိုတွေ့ရှိလာရပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီကတော့ ဗန်းမော်မြို့ လက်မလွှတ်ရေးအတွက် လေကြောင်းအားကိုးပြီး အပြင်းအထန် ခုခံနေသလို၊ ဝိုင်းမော်မြို့ကိုလည်း လက်ကျန်ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးယူထားရတဲ့ အခြေအနေပါ။ ဝိုင်းမော်မြို့က နောက်ဆုံးလက်ကျန်စခန်းတွေရဲ့ ပတ်ပတ်လည် လူသွားလမ်းဘေးနေရာတွေအထိ မိုင်းထောင်ပြီး ခုခံရေးတိုက်ပွဲအတွက် အစွမ်းကုန်ပြင်ဆင်ထားတဲ့ အခြေအနေလို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိ အနေအထားအရတော့ ဗန်းမော်မြို့နဲ့ ဝိုင်းမော်မြို့လည်း ကျောမလုံတဲ့ မြို့နှစ်မြို့ဖြစ်နေရပါတယ်။