စစ်ဘေးကြားက နမ်ဆန်ယန် ဒေသခံများ
ဆောင်းပါး။ 9 July 2023 – Kachinwaves
၈ နှစ်ကြာ အိမ်ကိုစွန့်ခွာခဲ့ရပြီး နေရပ်ပြန်နိုင်တာမှ မကြာသေးတဲ့ နမ်ဆန်ယန်ကျေးရွာ ဒေသခံတွေဟာ ကျေးရွာကို ထပ်မံစွန့်ခွာ ထွက်ပြေးနေရပါတယ်။
သူတို့ဟာ ၂၀၁၁ ခုနှစ်မှာစခဲ့တဲ့ တကျော့ပြန် ကချင်စစ်ပွဲကြောင့် သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းဥစ္စာတွေကို ဆုံးရှုံးခဲ့ကြရပြီးနောက် ၂၀၁၉ ခုနှစ်မှ စစ်ရှောင်စခန်းကနေ နေရပ်ပြန်လာခဲ့ကြတဲ့ စစ်ရှောင်တွေ ဖြစ်ပါတယ်။ နေရပ်ပြန်ပြီး ဘဝကိုပြန်စနေကြချိန်မှာပဲ ဒီဇူလိုင်လ ပထမပတ်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေရပ်ပြန် နမ်ဆန်ယန်ဒေသခံတွေ အားခဲမျှော်လင့်ထားတဲ့အရာတွေလည်း ပျက်စီးခဲ့ရပြီ ဖြစ်ပါတယ်။
ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ တစ်ဖန်ပြန်လည် စည်ကားလာတဲ့ နမ်ဆန်ယန်ကျေးရွာဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာတော့ သေနတ်သံတွေကြားမှာ ထွက်ပြေးဖို့ ကမန်းကတန်း ပစ္စည်းတွေထုပ်ပိုး သယ်ယူနေတဲ့ ဒေသခံတချို့ကလွဲရင် လူသူကင်းမဲ့သွားတဲ့ ကျေးရွာပြန်ဖြစ်သွားရပါတယ်။
စစ်ကောင်စီတပ်ဟာ နမ်ဆန်ယန်မှာ တိုက်ပွဲမဖြစ်မီ တစ်လလောက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ KIA ဌာနချုပ် လိုင်ဇာမြို့နှင့် နီးစပ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ဒေသမှာ စစ်ရေးလှုပ်ရှားလာတဲ့အတွက် ဇူလိုင်လ ၃ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်လာတာ ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် နေရပ်ပြန် ဒေသခံတွေလည်း အကုန်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။
ကြောက်ကြောက်လန့်လန့်နဲ့ ကမန်းကတန်း သူ့နေအိမ်က ပစ္စည်းတွေသယ်ယူနေတဲ့ အမျိုးသမီးကြီးတစ်ဦးကတော့ အသက်ကြီးမှ သူတို့ဘဝကို သုံးညကနေ ပြန်စရတော့မယ်လို့ မျက်ရည်သုပ်ရင်း ကချင်လို ပြောပါတယ်။
“တိုက်ပွဲဖြစ်လာတော့ အကုန်ထွက်ပြေး သွားကြပြီ။ ၁၀ နှစ်လောက်ပစ်ထားခဲ့ပြီး ချုံတောတွေပြည့်နေတဲ့ ကိုယ်ခြံကိုရှင်းပြီး စျေးရောင်းပြီး လာနေတာ။ နည်းနည်းအထိုင်ကျလာပြီဆိုမှ အခုလိုပြန်ဖြစ်တော့ တကယ်ဝမ်းနည်းရတယ်။ ဘဝကလည်း သုံးညက ပြန်စရတော့မယ်။ အသက်ကလည်းကြီးပြီဆိုတော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။”လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ နမ်ဆန်ယန်ဒေသခံ အမျိုးသမီးက ပြောပါတယ်။
သူမဟာ မူလကျေးရွာဖြစ်တဲ့ နမ်ဆန်ယန်ကျေးရွာမှာ ကုန်စုံဆိုင်ဖွင့်ပြီး ပြန်လည်အခြေချလာမှ အခုလိုတိုက်ပွဲပြန်ဖြစ်လာတော့ ဈေးဆိုင်ကပစ္စည်းတွေနဲ့ ကြက်၊ ဝက်တွေကို အကုန်ပစ်ထားကာ ၂၀၁၁ ခုနှစ်တုန်းကလို နောက်ထပ်ဖြစ်ရပြန်ပြီလို့ ပြောပါတယ်။
ဇူလိုင် ၆ ရက်နေ့အထိတော့ စစ်ကောင်စီတပ်က နမ်ဆန်ယန်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို လာသယ်ဖို့ အရပ်သားပြည်သူတွေကို ခွင့်ပြုပေးခဲ့ပေမဲ့ ပစ္စည်းတွေသယ်ယူဖို့ ကားမရှိတဲ့အတွက် မသယ်နိုင်ခဲ့ဘဲ ဒီတိုင်း ပစ်ထားခဲ့ရတယ်လို့လည်း ပြောပါတယ်။ နောက်နေ့ ဇူလိုင်လ ၇ ရက်နေ့မှာ သယ်ဖို့လုပ်တော့လည်း စစ်ကောင်စီတပ်က ဝိုင်းမော် – နမ်ဆန်ယန်ကြား ကန်ဒေါင်ယန်ဂိတ်ကနေ ဖြတ်ကျော်ခွင့် မပေးတော့တဲ့အတွက် မသယ်ယူနိုင်ခဲ့ဘူးလို့ ဆက်ပြောပါတယ်။
၂၀၁၉ ခုနှစ်ကနေစပြီး ဒေသခံအိမ်ထောင်စု ၂၀၀ လောက်က နေရပ်ပြန်နေထိုင်လာကြပြီး ရွှေမှော်သွားတဲ့သူတွေ၊ စျေးရောင်းတဲ့သူတွေ၊ ခရီးသွားပြည်သူတွေနဲ့ ပြန်လည်စည်ကားလာတဲ့ နမ်ဆန်ယန်ကျေးရွာရဲ့ စည်ကားလာမှုဟာ နေ့ချင်းညချင်း ပျောက်ကွယ်သွားရပြီ ဖြစ်ပါတယ်။ စာသင်ကျောင်းလည်း ပိတ်သိမ်းထားပြီး ရွာစောင့်ဖို့ကျန်နေတဲ့ ဒေသခံ တစ်ယောက်နှစ်ယောက်ကလွဲလို့ ဘယ်သူမှ မရှိတော့ပါ။
နမ်ဆန်ယန်ကျေးရွာကနေ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးသွားတဲ့ အမျိုးသားတစ်ဦးကလည်း အများပိုင်းက ပစ္စည်းတွေ မသယ်ဆောင်နိုင်ကြဘဲ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
“အများပိုင်းက ဘာမှ မသယ်နိုင်ကြတော့ဘူး။ ဒီတိုင်း ထွက်ပြေးသွားကြတယ်။ အခြေချတာတောင် မကြာသေးဘူး။ အခုလိုပြန်ဖြစ်တော့ အကုန်ဒုက္ခရောက်သွားပြီ။ တကယ့်ငရဲကို ပြန်ရောက်သွားပြီ။ အရင်ကလည်း ကြုံဖူးတော့ အကုန်လုံးကြောက်ပြီး ပြေးကြတာ။”လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
အာဏာမသိမ်းမီကာလက နမ်ဆန်ယန်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ စခန်းချနေထိုင်ခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက် KIA က ပြန်လည်စိုးမိုးလာတဲ့ ကျေးရွာဖြစ်ပါတယ်။
မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်ရှိ နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဗန်းမော်မြို့မှာ အခြေစိုက်တဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တပ်နဲ့ တနင်္သာရီတိုင်း အခြေစိုက် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ ပူးပေါင်းပြီး အင်အားသုံး ထိုးစစ်ဆင်လာလို့ KIA ဘက်ကလည်း အင်အားသုံးခုခံတဲ့အတွက် တိုက်ပွဲပြင်းထန်လာတာ ဖြစ်ပါတယ်။
ဆဒုံး – ကန်ပိုင်တည် လမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ ခမရ ၃၈၉၊ ၃၈၄၊ ၃၈၅၊ ခလရ ၃၇ နဲ့ လီဆူပြည့်သူ့စစ်အဖွဲ့တို့ကလည်း နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းလှည့် စစ်ကူလာတယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အင်အားထပ်ဖြည့်ဖို့ ဗန်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်မြို့ဘက်ကနေ နမ်ဆန်ယန်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကိုလည်း ဒေါ့ဖုန်းယန်မြို့နဲ့ လဂျားယန်ကြားမှာ KIA မှ ကြားဖြတ်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေပါတယ်။
KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီဘက်က တပ်ဆုတ်သွားတာ မရှိသေးတဲ့အတွက် စစ်ရေးက တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ နမ်ဆန်ယန်ကျေးရွာဘက်ကို ဝင်လာရင်တော့ တိုက်ပွဲပြင်းထန် လာမှာဖြစ်သလို အခြေအနေကို စောင့်ကြည့်နေတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။
နမ်ဆန်ယန်ကျေးရွာဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အိမ်ထောင်စု ၁၀၀၀ ကျော်ရှိခဲ့ပြီး ခရီးသွားပြည်သူတွေ ခရီးတစ်ထောက်ဝင်နားလေ့ရှိတဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်က စည်ကားခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။ စစ်အစိုးရနဲ့ ကေအိုင်အို သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားတဲ့နောက် တိုက်ပွဲတွေ ဖြစ်ပွားလာပြီး နမ်ဆန်ယန် ဒေသခံပြည်သူတွေဟာ လိုင်ဇာမြို့၊ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့တွေမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။
ဒီတစ်ကြိမ် အပါအဝင် နမ်ဆန်ယန်ကျေးရွာဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေကြောင့် ၃ ကြိမ်မြောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာဖြစ်တယ်လို သိရတယ်။
၂၀၁၁ ခုနှစ်မှာစခဲ့တဲ့ ကချင်ဒေသ တကျော့ပြန်စစ်ပွဲကြောင့် ကျေးရွာနေအိမ်တွေလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်းပျက်စီးခဲ့သလို တချို့နေအိမ်တွေက လူမနေတာကြာလို့ ဟောင်းနွမ်းပျက်စီးသွားရတာ ဖြစ်ပါတယ်။
ကချင် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက နမ်ဆန်ယန်ဟာ KIA ဌာနချုပ်နဲ့နီးပြီး၊ ဗန်းမော် – မြစ်ကြီးနား လမ်းပိုင်းမှာရှိနေလို့ စစ်ရေးဗျူဟာကျတဲ့ နေရာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်က နမ်ဆန်ယန်ကို စိုးမိုးနိုင်ဖို့ ကြိုးစားလာတာဖြစ်တယ်လို့ ပြောပါတယ်။
“အဓိက နမ်ဆန်ယန်က လိုင်ဇာနဲ့လည်း နီးတယ်။ လိုင်ဇာဝင်ပေါက်လည်း ဟုတ်တယ်။ ပြီးတော့ နမ်ဆန်ယန်မှာ KIA ထိုင်လိုက်တော့ မြစ်ကြီးနား – ဗန်မော်လမ်းပိုင်းကို သူတို့ မထိန်းချုပ်နိုင်တော့ဘူး။ အလော့ဘွမ်ကိုလည်း သိမ်းထားတော့ စကခ (၂၁) လည်း အောက်ရောက်သွားသလို ဖြစ်သွားတော့ စစ်ရေးဗျူဟာအရ သူတို့ နမ်ဆန်ယန်မှာ ပြန်ထိုင်ချင်တာလို့ပဲ မြင်တယ်။”လို့ သုံးသပ်ပြောဆိုပါတယ်။
နမ်ဆန်ယန်ကျေးရွာကနေ လိုင်ဇာမြို့ဘက်ကို ထွက်ပြေးလာတဲ့ စစ်ရှောင်တစ်ဦးကတော့ သူ့နေရပ်ပြန်ပြီး ခြံတွေတောင်ယာတွေ သွားလုပ်နေတာဖြစ်ပြီး အခုလိုဖြစ်လာတော့ အကုန်လုံးကို ပစ်ထားလိုက်ရပြီ အမြန်အေးချမ်းဖို့ပဲ မျှော်လင့်နေတယ်လို့ ပြောပါတယ်။
“စားဖို့သောက်ဖို့ ခက်ခဲလာတော့ စားဖို့ နည်းနည်းပဲ ရရင်ရဆိုပြီး တောင်ယာခုတ် သွားလုပ်ထားတာ။ အခုက အကုန်ပစ်ထားရပြီ။ ဒီဘက်က နေရပ်အပြီး မပြန်သေးပေမဲ့ အကုန်လုံးနီးပါးက တောင်ယာလယ်ယာတွေ သွားလုပ်ပြီး ကြက်၊ ဝက်တွေ မွေးပြီးနေတာ။ အခုတော့ အကုန်ပစ်ထားရပြီ။ အမြန်ဆုံး ငြိမ်းချမ်းပြီး ပြန်သွားလုပ်နိုင်ဖို့ပဲ ဆုတောင်းနေတယ်။”လို့ ပြောပါတယ်။