တိုက်ပွဲများ၊ စစ်ဘေးဒုက္ခသည်များနဲ့ တရားလက်လွတ် အနိုင်ကျင့်မှုများ
အပတ်စဉ်။ 14 March 2022 – Kachinwaves
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့ကနေ မတ်လ ၁၃ရက်နေ့အထိ (၃၅)ရက်အတွင်း ကချင်ပြည်နယ်သတင်းများကို စောင့်ကြည့်လေ့လာ ကြည့်တဲ့အခါ၊ မြောက်ဘက် ပူတာအိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု အရေအတွက် များခဲ့သလို ဖြစ်ပွားမှုလည်း ပြင်းထန်ခဲ့ပါတယ်။ မိုးညှင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ရွှေကူမြို့နယ်၊ မံစီမြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးမောက်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ ဟိုပင်မြို့နယ်ခွဲများတွင်လည်း KIA နဲ့ PDF ပူးပေါင်းတပ်များမှာ စစ်ကောင်စီတပ်များနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။
မြို့နယ်အလိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်များမှာ ပူတာအိုမြို့နယ်အတွင်း (၁၄)ကြိမ်၊ မိုးညှင်းမြို့နယ်အတွင်း (၄)ကြိမ်၊ ဖားကန့်မြို့နယ်အတွင်း (၃)ကြိမ်၊ ရွှေကူမြို့နယ်အတွင်း (၂)ကြိမ်၊ မံစီမြို့နယ်အတွင်း (၁)ကြိမ်၊ တနိုင်းမြို့နယ်အတွင်း (၁)ကြိမ်၊ မိုးမောက်မြို့နယ်အတွင်း (၁)ကြိမ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း (၁)ကြိမ် ဖြစ်ပွားခဲ့တာကို ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ (အခုဖော်ပြတဲ့ အရေအတွက်များမှာ Kachinwaves ရဲ့ သတင်းစောင့်ကြည့်မှုအရ သိရှိရတဲ့ အရေအတွက်များသာဖြစ်ပြီး အမှန်တကယ်ဖြစ်ပွားမှုမှာ ဒီထက်မက များပြားနိုင်ပါတယ်။)
ပူတာအိုမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်နေရတဲ့အကြောင်းရင်း နှစ်ခုရှိတယ်လို့ ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အချက်တစ်ခုမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရှိန်ဂတ်ဘွမ်စခန်းဟာ အရင်က ကေအိုင်အေရဲ့ တပ်စခန်းနေရာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ မြန်မာစစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဗျူဟာမြောက်စခန်းကို ပြန်လိုချင်တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်အချက်တစ်ခုကတော့ ကေအိုင်အေ အနေနဲ့ ပူတာအိုမြို့နယ်အတွင်း ဘိန်းခင်းတိုက်ဖျက်ရေးကိုလည်း ဆောင်ရွက်နေတဲ့အတွက် ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေရခြင်း ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက BBC သတင်းမှာ ဖြေကြားထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများကိုလည်း အသုံးပြုခဲ့ပါတယ်။ လေကြောင်းပစ်ခတ်မှုများကိုကြည့်ရင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့နဲ့ မတ်လ ၁ရက်နေ့များတွင် တိုက်ပွဲပြင်းထန်နေတဲ့ ရှိန်ဂတ်ဘွမ်ဘက်တွင် ဂျက်စစ်တိုက်လေယာဉ်များနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင်လည်း တနိုင်းမြို့နယ် ကေအိုင်အေ အမှတ် (၁၄) တပ်ရင်းနယ်မြေသို့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဖားကန့်မြို့နယ် ကေအိုင်အေ အမှတ် (၉)တပ်မဟာ နယ်မြေသို့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့တဲ့ ပူတာအိုမြို့နယ်က ဆွမ်ပီယာန်ကျေးရွာ၊ အင်စီယာန်ကျေးရွာနဲ့ လုံရှာယာန်ကျေးရွာ စတဲ့ ကျေးရွာ (၃)ရွာက ပြည်သူ ခြောက်ထောင်ကျော်တို့မှာ အိုးအိမ်များကိုစွန့်ပြီး စစ်ဘေးရှောင်ဘဝ ရောက်နေကြရပါတယ်။ ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီတပ်ရဲ့ လေကြောင်း ပစ်ခတ်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။ အခုအချိန် ၎င်းကျေးရွာအနီးများတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ရွာသို့ ခေတ္တခဏပြန်လာတဲ့ ပြည်သူများလည်း စစ်ကောင်စီစစ်သားများရဲ့ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပူတာအိုခရိုင် နောင်မွန်မြို့နယ်က လူနေအိမ် ၁၁ လုံးနဲ့ လူဦးနေရေ ၇၀ ကျော်နေထိုင်တဲ့ ထာလာထုရွာလည်း မီးလောင်ပြာကျသွားခဲ့ပါတယ်။ လူအရောက်အပေါက်နည်းပြီး ဆက်သွယ်ရေးခက်ခဲတဲ့ မြောက်ဖျားဒေသက ရွာငယ်ကလေး ဖြစ်တဲ့အတွက် မီးလောင်ရတဲ့အကြောင်းရင်းကို သေချာမသိရသေးသလို အကူအညီရရှိနိုင်ရန်လည်း ခက်ခဲနေကြောင်း သိရပါတယ်။
ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁ရက်ကနေ တိုက်ပွဲများ သိသိသာသာ ပြင်းထန်လာပြီး မြို့ရွာများတွင်လည်း ပေါက်ကွဲမှု၊ အမည်မသိသေနတ်သမားများရဲ့ သတ်ဖြတ်ခံရမှုများ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။
ဖားကန်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး စစ်ကောင်စီရဲများက ရပ်ကွက်အချို့ရှိ လူနေအိမ်များတွင် ညအချိန် အင်အားသုံး ရှာဖွေစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ဖမ်းဆီးမှုအချို့လည်း ရှိခဲ့ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ အခါကြီးရက်ကြီးနေ့များတွင် ဖားကန့်မြို့အပြင် မြစ်ကြီးနားမြို့၊ မိုးကောင်းမြို့ စတဲ့ကချင်ပြည်နယ်က အခြားမြို့များတွင်လည်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုသပိတ်များကို တွေ့နေရဆဲ ဖြစ်ပါတယ်။
အခြားသတင်းများမှာတော့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မနကျေးရွာအနီးမှာ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၈ နေ့ညတွင်လည်း မက်လင်ဂျောင်ကျေးရွာက YTT ကုန်း ၁၁၁ ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကုမ္ပဏီဝန်ထမ်းအယောက် ၄၀ ကျော် မြေပြိုတဲ့အထဲ ပျောက်ဆုံးသွားပြီး ဘက်ဖိုး ၄စီးလည်း ပါသွားတယ်လို့ သိရပါတယ်။ ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် မြေပြိုပြီး လူသေဆုံးမှုများ မကြာခဏဖြစ်ပွားလာတာကို တွေ့လာရပါတယ်။
ဝိုင်းမော်မြို့နယ်မှာတော့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၃၂၁) ခမရတပ်ရင်းက မတရားသိမ်းဆည်းထားတဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာက ပြည်သူများပိုင်ဆိုင်တဲ့ မြေယာများတွင် မတ်လ ၈ ရက်နေ့မှစပြီး ခြံစည်းရိုးကာရန် တိုင်များစိုက်ထူလာတဲ့အတွက် ဒေသခံပြည်သူများ အားကိုးရာမဲ့ စိုးရိမ်နေကြတဲ့သတင်း ဖြစ်ပါတယ်။ မြစ်ကြီးနားနဲ့ဗန်းမော် ကားလမ်းမပေါ်က ဒေသခံများရဲ့ အိမ်ခြံမြေ၊ လယ်ယာမြေ၊ တောင်ယာမြေနဲ့ သင်္ချိုင်းမြေများဖြစ်တဲ့ ဧက ၁၀၀ ကျော် ဧရိယာကို ရွှေညောင်ပင်ကျေးရွာ အခြေစိုက် အမှတ် (၃၂၁) ခမရတပ်ရင်းက တပ်ပိုင်ကျူးကျော်မြေအဖြစ် သိမ်းယူထားခြင်းဖြစ်တယ်လို့ ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။ ၎င်းမြေများကို ၁၉၉၁ ခုနှစ်ကတည်းက စစ်တပ်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၎င်းမြေနေရာများ ပြန်လည်ရရှိရေးအတွက် ဒေသခံများက ၂၀၁၇ ခုနှစ်ကတည်းက ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံတော်သမ္မတထံ သို့ အိတ်ဖွင့်ပေးစားပေးပို့ခဲ့ကြောင်း သိရပါတယ်။
အခြားလူ့အခွင့်အရေးဆိုင်ရာ သတင်းတစ်ပုဒ်မှာတော့ အလုပ်ချိန်လျှော့ပေါ့ပေးရန် မြစ်ကြီးနားမြို့ရှိ ရင်စိန်ပုဂ္ဂလိက ဆေးရုံက သူနာပြုဆရာ၊ ဆရာမများရဲ့ အသနားခံ တင်ပြတောင်းဆိုမှုကို လုပ်ငန်းရှင်များက လိုက်လျောပေးခြင်းမရှိတဲ့သတင်း ဖြစ်ပါတယ်။ တစ်လအလုပ်ချိန် နာရီပေါင်း ၃၀၀ သတ်မှတ်ပေးတာကို နာရီပေါင်း ၂၆၄ အဖြစ်လျှော့ပေါ့ပေးရန် သူနာပြုများက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အခုလို ပြည်သူများက မတရားဖိနှိပ်မှုများနဲ့ အခွင့်အရေးဆိုင်ရာနစ်နာမှုများနဲ့ ကြုံတွေ့လာတဲ့အခါ အားကိုးရာမဲ့ ဖြစ်နေသလို တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများလည်း ပိုမိုများပြားလာ ပါတယ်။ သိရတဲ့သတင်းအရ ဆွမ်ပရာဘွမ်မြို့တွင် ၁၈နှစ် မပြည့်သေးတဲ့ ဆယ်ကျော်သက် ကလေးများတောင် မူးယစ်ဆေးဝါးသုံးစွဲမှု များလာပေမယ့် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ဒေသခံများက ဆိုပါတယ်။
ကေအိုင်အေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းမြောက်ပိုင်း ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း တစ်နိုင်ငံလုံးတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဝန်ရံရန်လိုအပ်ကြောင်း ပြီးခဲ့တဲ့ ၆၁နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။