မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ လိုအပ်လျှင် စစ်ရေးနိုင်ငံရေးအရ KIO၊ KIA နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၆၁ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့
5 February 2022 – Kachinwaves
မိမိတို့မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့အချင်းချင်းကြား၌ ယခင်ကာလများ၌ နိုင်ငံရေးပြဿနာများကို အတူတကွဖြေရှင်း ခဲ့ကြသည့်နည်းတူ အခြေအနေ၏ လိုအပ်ချက်အရ စစ်ရေးကဏ္ဍများကိုပါ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည့် သာဓကများရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ လိုအပ်လျှင် စစ်ရေးနိုင်ငံရေးအရ KIO၊ KIA နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ၆၁ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၌ ပါရှိသည်။
ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့အား ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ အသစ်တဖန်သန္ဓေတည်မွေးဖွားခွင့် ပေးခဲ့သည့်အပြင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ရပ်တည်ပေးထားသောကြောင့် တအာင်းနှင့် ရက္ခိုင်လူမျိုးတို့အတွက် ကြီးမားသော ဂုဏ်ဒြပ်များဖြင့် ပြည့်နှက်နေပြီး ကချင်ပြည်၊ ကချင်ပြည်သူလူထုနှင့် ကေအိုင်အို၊ ကေအိုင်အေကို များစွာကျေးဇူးတင်ရှိပြီး လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟုလည်း သဝဏ်လွှာတွင် ပါရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ အဖိနှိပ်ခံနေရသောလူမျိုးများသည် အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေး အမျိုးသားရေးဆိုင်ရာ နစ်နာချက်များပြန်လည်ရရှိရေး မိမိတို့လူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အကာအကွယ်ပေးနိုင်ရေးတို့အတွက် လက်နက်ကိုင်တော်လှန်သောနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင်ရင်း မိမိတို့အဖွဲ့အစည်းတိုင်းသည် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်လျှက်ရှိကြပါသည်ဟု ပါရှိသည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့ပါဝင်သည်။